မြန်မာ - ဗီယက်နမ် ကုန်သွယ်မှုနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေး

mdn

ရန်ကုန်  ၂၁  စက်တင်ဘာ 

 

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရန်နှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ် ဆောင်ရန် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေ၀ နှင့် ဗီယက်နမ်နိုင်ငံ Vietnam - Laos - Cambodia Association for Economic Cooperation Development - VILACAED  ဒုတိယဥက္ကဌ Mr. Nguyen Thanh Hoan တို့က နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုများကို ရှင်းလင်းပြောကြားသည်။

 

ကုန်သည်စက်မှုအသင်းချုပ်ရုံး တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝက “မြန်မာနိုင်ငံမှာ မကြာသေးခင်က ပြဋ္ဌာန်းလိုက်တဲ့ ကုမ္ပဏီနဲ့ပတ်သက်တဲ့ ဥပဒေရှိတယ်၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေရှိတယ်၊  အဲ့ဒီ ဥပဒေတွေရဲ့ အားသာချက်တွေကို သူတို့ကို ရှင်းပြမယ်၊ ဥပမာ ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားသားက ၃၅ ရာခိုင်နှုန်း ပါဝင်တယ်ဆိုရင် နိုင်ငံခြားကုမ္ပဏီ အဖြစ်မသတ်မှတ်ဘဲ မြန်မာကုမ္ပဏီအနေနဲ့ သတ်မှတ်ပြီး မြန်မာကုမ္ပဏီအနေနဲ့ရမယ့် အခွင့်အရေးတွေ ဥပဒေရဲ့ အားသာ ချက်တွေကို နားလည်အောင်ရှင်းပြမယ်၊ သူတို့နားလည်လာရင် ရင်းနှီးမြုပ်နှံမှုတွေ ပိုဝင်လာမှာပါ ’’ ဟု ပြောသည်။

 

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်သည့် နိုင်ငံများစာရင်းတွင် ဗီယက်နမ်နိုင်ငံသည် အဆင့် ၇ တွင်ရှိ နေကြောင်း လုပ်ငန်းပေါင်း ၂၀ ခု အတွက် အမေရိကန်ဒေါ်လာ ၂၁၀၆ ဒသမ ၅၁၃ သန်း ရင်းနှီး မြုပ်နှံထားပြီး ရင်းနှီးမြုပ်နှံမှုပမာဏအားလုံး၏ ၂ ဒသမ ၇၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှုတွင်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ ၈၈ ဒသမ ၂၅၃ သန်း၊ သွင်းကုန် ၄၀၅ ဒသမ ၇၈၃ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၅၁၀ သန်း၊ သွင်းကုန် ၅၈၇ ဒသမ ၃ သန်း၊ ယခုနှစ်တွင် ဇူလိုင်လအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၁၄၈ သန်း၊သွင်းကုန် ၁၉၀ ဒသမ ၃၂၃ သန်းရှိပြီး ကုန်သွယ်မှုပမာဏ လျော့နည်းလာကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

 

“ပို့ကုန်သွင်းကုန်ပမာဏ အခြေအနေကိုကြည့်ရင် မြန်မာကို ဗီယက်နမ်က တင်သွင်းတဲ့ ပမာဏများ နေတာတွေ့ရတယ်။လွန်ခဲ့တဲ့ ၂နှစ်ကထက် ကုန်သွယ်မှုပမာဏ လျော့ကျတာတွေ့ရတယ်။ ဒါကြောင့် အပြန်အလှန် ကုန်သွယ်မှုမြင့်တက်လာအောင် နှစ်ဘက်စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ဆောင်ရွက်နေပါတယ် ’’ဟု ကန်သည်စက်မှုအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေး မှူး ဦးကျော်ဒေ၀ က ပြောသည်။

 

ယနေ့ကျင်းပသည့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲကို ဗီယက် နမ်နိုင်ငံ Vietnam - Laos - Cambodia Association for Economic Cooperation Development - VILACAED  ဒုတိယဥက္ကဋ္ဌ Mr. Nguyen Thanh Hoan ဦးဆောင်ပြီး  ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင် (၅၀)ဦးခန့်ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

 

 တွေ့ဆုံဆွေးနွေးပွဲတွင်  ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ် သည့် လုပ်ငန်း၊ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးထောက်ကူပြုပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ တိုင်းရင်းဆေးလုပ်ငန်း၊ အကြီးစားဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ္ဍာ ရေးဝန်ဆောင်မှုလုပ်ငန်း၊ အိမ်သုတ်ဆေးလုပ်ငန်း၊ မြို့ပြလျှပ်စစ် ဓါတ်အားပေးလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ တိုင်းရင်းဆေးလုပ်ငန်း၊ ငှက်သိုက်လုပ်ငန်း၊ လုံခြုံရေးအဆင့်မြင့် သော့ထုတ်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သည့်လုပ်ငန်းနှင့် ရာဘာလုပ်ငန်းများ အစရှိသည့် လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေး ကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ 

 

(သတင်း၊မင်းသစ်(MNA)/ဓာတ်ပုံ၊နေလင်း)