ကွန်ဂိုရွေးကောက်ပွဲမဲရလဒ် ပဋိပက္ခဖြစ်ပွား ၄ ဦးသေဆုံး

၁၁ ဇန်နဝါရီ 

ကွန်ဂို ဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံတွင် သမ္မတတ ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာခဲ့ရာမှ တိုင်းပြည်အနှံ့ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲကော်မရှင်က အကြီးဆုံးအတိုက်အခံပါတီခေါင်းဆောင် ဖီလစ် တီရှီစီကီဒီ သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  

အဆိုပါ မဲရလဒ်သည် ၂၀၁၆ ခုနှစ် သက်တမ်းကုန်ဆုံးပြီးချိန်ကတည်းက အာဏာ ဆက်လက် တည်မြဲနေသည့် သမ္မတ ဂျိုးဆက် ကာဘီလာ ၁၈နှစ်ကြာ အုပ်ချုပ်ခဲ့သည့် အာဏာရှင် အဆုံးသတ်သည့် ရလဒ်ဖြစ်ကြောင်း သိရသည်။

ထိုရွေးကောက်ပွဲ မဲရလဒ်ကို အခြားသော ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဖာယူလူ ထောက်ခံသူများက တိုင်းပြည်အနှံ့စုဝေးကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

မြို့တော် အနောက်တောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခ ဖြစ်ပွားရာ လူ လေးဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို