စလင်းမြို့နယ်တွင် လျှပ်စစ်ဓါတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၈၀ ရာနှုန်းပြီးစီးနေပြီဖြစ်

စလင်း ၁၁ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပိုင် ပွင်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်ကြား ၃၃ ကေဗွီ ပွင့်ဖြူ - စလင်းဓာတ်အားလိုင်း(၁၇)မိုင်အား လိုင်းကြိုး ACSR 70mm2 ဆိုဒ်မှ ACSR 120mm2 ဆိုဒ်သို့ ပြောင်းလဲသွယ်တန်းခြင်း၊ မကောင်းသောကွန်ကရစ်ဓာတ်တိုင်၊ တန်းနှင့် ကြွေသီးများအားများအား အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ လုပ်ငန်း ၈၀ ရာနှုန်းပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ၂၀၁၈-၂၀၁၉ မီနီဘက်ဂျက်ဖြင့် တင်ဒါ အောင်မြင်ပြီး ဆောင်ရွက်ခွင့်ရရှိသော မင်းချမ်းဖြိုး ကုမ္ပဏီနှင့် Fighter ကုမ္ပဏီများမှဆောင်ရွက်ခြင်းဖြစ်ပြီး ပြီးစီးပါကစလင်းမြို့နယ်တွင်း ၃၃ ကေဗွီဆိုဒ်နှင့် ၁၁ ကေဗွီဆိုဒ်တို့တွင် ဗို့အားကောင်းမွန်လာမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် လျှပ်စစ်အန္တရာယ်မှ ပြည်သူများကင်းဝေးစေရန်၊ ဗို့အားလိုင်းပြည့်မီစွာ သုံးစွဲနိုင်စေရန်နှင့် လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှု လျော့နည်းစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စလင်းမြို့နယ်တွင် လက်ရှိဓာတ်အားစနစ်ဖြင့် မီးလင်းပြီး မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်၊ ကျေးရွာ ပေါင်း (၄၃)ရွာ ဓါတ်အားသုံးစွဲလျက်ရှိကြောင်း၊ ယခု ၂၀၁၉ ခုနှစ်အတွင်းတွင် NEP စီမံကိန်းဖြင့်် တင်ဒါ လုပ်ငန်းများခေါ်ယူ၍ (၂)မိုင်းအတွင်း ဓာတ်အားရရှိမည့်ကျေးရွာပေါင်း(၆၂)ရွာနှင့် (၅)မိုင်အတွင်းကျေးရွာ ပေါင်း(၇၀)ရွာတို့အား ဓာတ်အားရရှိရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးလင်းအောင် ပြောကြားချက်အရ သိရသည်။

စိုးမိုးသူ (စလင်း)

 

mdn