ညအိပ်တည်းခိုသူနှစ်ဦးမှ အိမ်ရှင်ဖြစ်သူအားသတ်၍ ရွှေထည်ပစ္စည်းများလုယူမှုဖြစ်ပွား

ရွှေကူ     ၁၁  ဇန်နဝါရီ 

ကချင်ပြည်နယ် ရွှေကူမြို့ အမှတ်(၃)ရပ်ကွက် မင်းကုန်းရပ်တွင် ယနေ့ နံနက် ၁ နာရီခွဲခန့်က အိမ်ရှင်ဖြစ်သူအား သတ်၍ ရွှေထည်ပစ္စည်းများ လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ဒေါ်အိအိခိုင် အသက် (၄၃)နှစ်၏ သမီးဖြစ်သူ မလင်းဇာခြည်ထွန်းခိုင်၊ အသက် (၁၁)နှစ်သည် မိခင်ဖြစ်သူနှင့်အတူ အိပ်ပျော်နေစဉ် နံနက် ဝ၀ နာရီ ၃၀ မိနစ်ခန့်တွင် ၄င်း၏မိခင် မရှိတော့သဖြင့် နေအိမ်အပေါ်ထပ်သို့ တက်ရောက်ကြည့်ရှုခဲ့ရာ လွန်ခဲ့သည့်  (၃) ရက်ခန့်ကတည်းက ၎င်းတို့အိမ်တွင် ညအိပ်တည်းခိုနေသည့်  မိခင်၏မိတ်ဆွေ အမျိုးသား လူငယ် နှစ်ဦးတည်းခိုနေသည့် အိပ်ခန်းအတွင်း၌ ပက်လက်အနေအထားဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မိခင်ဖြစ်သူအား ခေါ်၍မရသဖြင့် အစ်ကိုဖြစ်သူ မောင်တင်အောင်ခိုင် အသက်(၁၉)နှစ်အား နှိုး၍ သွားရောက်ကြည့်ရှုရာ မိခင်ဖြစ်သူမှာ နှာခေါင်းမှ သွေးများယိုထွက်ကာ သတိမေ့နေသဖြင့် အဒေါ်ဖြစ်သူ ဒေါ်စန်းညွန်း(၅၁)နှစ်အား အကျိုးအကြောင်းပြောပြပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ယင်းနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်လူကြီးများ ရောက်ရှိလာပြီး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်စဉ်တွင် ဒေါ်အိအိခိုင် အမြဲဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး သံကွင်းဆက် ဆွဲသီးပါ (၁၀) ကျပ်သားခန့် ၁ ကုံး၊ ကြံဆစ်လက်ကောက် တစ်ကွင်းလျှင် (၅) မူးသားခန့် ကွင်း ၂၀၊ ဟမ်းချိန်း ၂  ကျပ်သားခန့် တစ်ကွင်း၊ လက်စွပ်(ခွေးလည်ပတ်) တစ်ကွင်းလျှင် ၅ မူးသားခန့် ၃  ကွင်း၊ Foot Chain (၂) ကျပ်သားခန့် ၁ ကွင်း၊ OPPO အမျိုးအစား ဆင်းကတ်ပါ လက်ကိုင်ဖုန်း ၃ လုံး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၂၀ဝ ကျော်တန်ဖိုးရှိ ပစ္စည်းများ ယူသွားကြောင်း  မြို့နယ် ပြန်/ဆက်မှ သိရသည်။

MDN