(၁၁)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၁၁  ဇန်နဝါရီ

(၁၁)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

အစည်းအဝေးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က (၁၁) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊

အဆိုပါ အစည်းအဝေးတွင် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုအရည်အချင်း ဆုချီးမြှင့်ပွဲ အခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊  အာဆီယံခေါင်းဆောင်မှု အရည်အချင်း ဆုရွေးချယ်ရေးအတွက် ဆုရွေးချယ်ရေးကော်မတီကို NGOs/ CSOs နှင့် Private Sectors  မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရွေးချယ်ရေးဆိုင်ရာ သတ်မှတ်ချက်များ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူမှုဖွံ့ဖြိုးရေးအသင်း  စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့၊ အမျိုးသမီး စွမ်းဆောင်ရှင်များအသင်း၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ Myan DHRRA/ Development for Human Resources in Rural Area၊, Network Activities Group နှင့် UMFCCI တို့မှ အစည်းအဝေးများကျင်းပရာတွင် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။

မောင်မင်းနိုင်

 

mdn