ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ်နှင့် ထောက်ခံချက် လက်မှတ် စီမံခန့်ခွဲမှုစနစ်အား စတင်အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ပွဲ ကျင်းပ

နေပြည်တော် ၁၁  ဇန်နဝါရီ

နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ် (Online Booking System)နှင့် ထောက်ခံချက် လက်မှတ်စီမံခန့်ခွဲမှု စနစ်အား (Certificate Information Management System) စတင် အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများ နေ့စဉ် စားသောက် သုံးစွဲနေရသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများ၊ နေထိုင်မကောင်းသည့်အခါ သောက်သုံးရသည့် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာပစ္စည်းများ အရည်အသွေး ပြည့်မီ စစ်မှန်၍ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၏ လုပ်ငန်းများသည် ပြည်သူများ၏ ကျန်းမာရေးအတွက် လွန်စွာအရေးကြီးပါကြောင်း၊ စားသောက်ကုန်များနှင့် ဆေးဝါးများတွင် ဘေးအန္တရာယ်ဖြစ်နိုင်သည့်အရာများ အနည်းငယ်မျှပါဝင်လျှင် စားသုံးသူတို့၌ ရေရှည်တွင် မကူးစက်တတ်သော ရောဂါများ အပါအဝင် ရောဂါဘယများ ဖြစ်ပွားမည်ဖြစ်ပါကြောင်း။

ယခုအခါ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခေတ်မီအိုင်စီတီ နည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ်နှင့် ထောက်ခံချက်လက်မှတ် စီမံခန့်ခွဲမှုစနစ်တို့အား စတင်အသုံးပြုမည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှုများမှာ ပိုမိုလွယ်ကူ မြန်ဆန်တိကျ လာမည်ဖြစ်ပါကြောင်း၊    
 ထို့အတွက် အလှကုန်ပစ္စည်းများနှင့် ဆေးပစ္စည်းများ ထုတ်လုပ်တင်သွင်းရောင်းချသူများ အနေဖြင့်လည်း လုပ်ငန်းများ ပိုမိုမြန်ဆန်လာမည်ဖြစ်သဖြင့် အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်သူများ၏ အကျိုးစီးပွားပါ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အဆိုပါ စနစ်များ လက်တွေ့အသုံးပြုပြီးနောက် အားနည်းချက်နှင့် လိုအပ်ချက်များရှိပါက အသုံးပြုသူများ၏ အကြံပြုချက်များနှင့်အညီ အသုံးပြုရအလွယ်ကူ အရိုးရှင်းဆုံးဖြစ်စေရန် မွမ်းမံပြင်ဆင်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများအတွက် ထောက်ခံချက်ရယူရန် ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ် (Online Booking System) ကို ဇန်နဝါရီလတွင်လည်းကောင်း၊ ထောက်ခံချက် လက်မှတ်စီမံခန့်ခွဲမှု စနစ်အား (Certificate Information Management System) အား ဖေဖော်ဝါရီလတွင် လည်းကောင်း စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် လစဉ်စားသောက်ကုန်အမျိုးအစား ၁၆၀ဝ ခန့်၊ အလှကုန်အမျိုးအစား ၇၅၀ မှ ၁၀ဝ၀ ခန့်၊ ဆေးဝါး ၅၀ဝ မှ ၇၅၀ ခန့်နှင့် ဆေး ပစ္စည်းကိရိယာ ၁၅၀ဝမှ ၂၀ဝ၀ ခန့်တို့ကို စစ်ဆေးပေးလျက်ရှိပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အတတ်နိုင်ဆုံး မြန်ဆန်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှု စနစ်နှင့် ထောက်ခံချက် လက်မှတ်စီမံခန့်ခွဲမှုစနစ်တို့နှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနွယ်ဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိ သူများက ရှင်းလင်းဖြေကြားကြသည်။

ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ်နှင့်  ထောက်ခံချက် လက်မှတ်စီမံခန့်ခွဲမှုစနစ် တို့အား Solution Hub ကုမ္ပဏီမှ နည်းပညာကူညီပံ့ပိုး မှုဖြင့် ဆေး ပစ္စည်းနှင့် အလှကုန်ပစ္စည်းများအတွက် ထောက်ခံချက်ရယူရန် အွန်လိုင်းရက်ချိန်း ကြိုတင် လျှောက်ထားမှု ပြုလုပ်လိုသူများ အနေဖြင့် www.fdamyanmar.gov.mm (သို့မဟုတ်) www.onlineservices.fda.gov.mm တွင် ဝင်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)