တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကော့သောင်း  ၁၁  ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်သည် ကော့သောင်းခရိုင် ခုတင်(၁၀ဝ) ပြည်သူ့ဆေးရုံ၌ တန်ဖိုးမြင့် ဆေးရုံသုံး စက်ပစ္စည်းများနှင့် အလှူငွေ ပေးအပ်ပွဲသို့ တက်ရောက်ပြီး ကော့သောင်းမြို့ Grand Andaman Hotel ပိုင်ရှင် ဦးကျော်လွင်၊ ထူးထူးတိုးကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ အလှူရှင်တို့ ပူးပေါင်းလှူဒါန်းသည့် တန်ဖိုး ငွေကျပ်သိန်း ၁၃၃၀ ကျပ်တန်ဖိုးရှိ တန်ဖိုးမြင့် ခေတ်မီဆေးရုံသုံးစက်ပစ္စည်းများနှင့် CB Bank မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀ဝ တို့အား လက်ခံရယူပြီး အလှူရှင်များသို့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကလေးလူနာဆောင်သို့ သွားရောက်ကာ ဆေးရုံးအတွင်း ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လူနာများလိုက်လံကြည့်ရှု အားပေးစကားပြောကြားသည်။

 

mdn

 

ဆက်လက်၍ ဆေးရုံဝင်းအတွင်း ဆောက်လုပ်လျှက်ရှိသည့် ဝန်ထမ်းအိမ်ယာနှင့် CDScan (ကွန်ပျူတာ ဓာတ်မှန်) စက်ထားရှိမည့် အဆောက်အဦး ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးကာ လုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ ဆေးရုံသန့်ရှင်းသပ်ရပ်ရေး၊ ဆေးရုံသုံး သောက်သုံးရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ကြရန် တာဝန်ရှိသူများသို့ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် မလိဝမ်းကျေးရွာ၊ ရွှေတောင်ဦး ဘုန်းတော်ကြီးကျောင်းတိုက်ရှိ မိဘမဲ့ဂေဟာသို့ ရောက်ရှိပြီး မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ထားရှိမှု အခြေအနေအား ကြည့်ရှုအားပေးပြီး ကျောင်းတိုက်ဆရာတော်သို့ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

 

mdn

 

ယင်းနောက် ဝန်ကြီးချုပ်သည် ခမောက်ကြီးမြို့၊ ဂေါ်(လ်)စပယ်နှစ်ခြင်းအသင်းတော် အဆောက်အဦးသစ် ဖွင့်ပွဲသို့ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မွန်းလွဲပိုင်းတွင်  ကော့သောင်းမြို့၊ မာရမ်းကျေးရွာအုပ်စု၊ မာရမ်းတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး  ဆေးရုံအမိုးပြုပြင်ရန် လိုအပ်မှုအခြေအနေ နှင့် လူနာဆောင် မျက်နှာကျက်ပြင်ဆင်ရန် လိုအပ်မှု ဆေးဝါး၊  ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းခန့်ထားနိုင် ရေးနှင့် ဆေးရုံသန့်ရှင်းသပ်ရပ်မှု လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

 

mdn

ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အေးချမ်းသာကျေးရွာသို့ ရောက်ရှိကြကာ ကျေးရွာ အထက်တန်းကျောင်းခန်းမတွင် ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာလိုအပ်ချက်များဖြစ်သည့် ကျေးရွာရေဆိပ်အဝင်လမ်း ကျောက်တန်းစီချဲ့ထွင်ရန်လိုအပ်မှု၊ ကျေးလက်ဆေးပေးခန်း အဆင့်မြှင်တင်ရေးနှင့် ကျန်းမာရေးဝန်ထမ်း တိုးချဲ့ခန့်ထားပေးရေး၊ အခြေခံပညာထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေး၊ အထက်တန်းပြဆရာများ ဖြည့်ဆည်းခန့်ထားရေး၊  ကျေးရွာရဲကင်း စခန်း အဆောက်အဦပြင်ဆင်ရန် လိုအပ်မှု အခြေအနေများအား တာဝန်ရှိ အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအား နယ်နိမိတ်အဖြစ် ပိုင်းခြားထားသည့် ပါချန်မြစ် ကမ်းတစ်လျှောက်တွင် နယ်စပ်ကျေးရွာများဖြစ်သည့် အောင်ချမ်းသာ၊ ဆိပ်ဖူး၊ မာရမ်း၊ ထုံပရိ၊ ဖော့သုတ်၊ လုံးဖော၊ ပါကလပ် စသည့်ကျေးရွာများသို့ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အမှတ်-၄ရပ်ကွက် ဖေါင်ဆိပ်မှတဆင့် အနီးဆုံးကျေးရွာဖြစ်သည့် ရေတွင်းတောင်ကျေးရွာမှစတင်ကာ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ် နေမှုအခြေအနေများ အားလမ်းပိုင်းအလိုက် မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးကာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းဖေါက်လုပ်ရေးအဖွဲ့ တာဝန်ရှိ သူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ညနေပိုင်းတွင် ကော့သောင်းမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)

 

mdn