မိတ္ထီလာမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် လက်တွေ့သရုပ်ပြ ငြှိမ်းသတ်

မိတ္ထီလာ ၁၁  ဇန်နဝါရီ

မိတ္ထီလာမြို့မဈေးကြီးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့လျှင် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေး အဆင်သင့် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီ က မီးဘေးအန္တရာယ် လက်တွေ့သရုပ်ပြ ငြှိမ်းသတ်မှုကို အဆိုပါဈေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့မဈေးကြီးအတွင်းရှိ ဈေးရုံများကို မီးငြှိမ်းသတ်ယာဉ်များဖြင့် လက်တွေ့သရုပ်ပြငြှိမ်းသတ်ခြင်းကို ခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြသရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအုန်းဌေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဈေးအကျိုးဆောင်ကော်မတီဝင်များ၊ ဈေးသူဈေးသားများက ကြည့်ရှုအားပေးသည်။

ဆက်လက်၍ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန်များ၊ မီးသတ်ရေငုတ်များ၊ မီးငြှိမ်းသတ်စက်များ ပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကြသည်။

မိတ္ထီလာမြို့မဈေးကြီးတွင် ဈေးကြီး၊ ပိတောက်မြိုင်ဈေး၊ ဗဟိုဈေးတို့ ပါဝင်ပြီး ဈေးရုံစုစုပေါင်း ၁၄၅ ရုံ၊ ဈေးဆိုင်ခန်းပေါင်း ၂၂၆၁ ခန်းရှိသည်။ မြို့မဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဂါလန် တစ်သောင်းဆံ့ မီးသတ်ရေကန် ၄ ကန်၊ အရေးပေါ်မီးငြှိမ်းသတ်ရေ ရရှိရန်အတွက် ၂ လက်မ စက်ရေတွင်းနှင့် ၄ လက်မစက်ရေတွင်း တစ်တွင်းစီ၊ အပေါ့စား မီးငြိမ်းသတ်စက်များ၊ ရေစုပ်စက်များနှင့် မီးဘေးကာကွယ်ရေး ပစ္စည်းများကို ပြင်ဆင်ထားရှိကြောင်းသိရသည်။

ချမ်းသာ  (မိတ္ထီလာ)

 

mdn