ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ထောက်ပံ့

စစ်တွေ ၁၁  ဇန်နဝါရီ 

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများ၊ ဒေသခံပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံး၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်သည်။

 

mdn

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ပူးပေါင်းပြီး တိုက်ပွဲရှောင်ဒေသခံ ပြည်သူများအတွက် အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းလျက်ရှိပါကြောင်း၊ စနစ်တကျ ပြန်လည်နေရာချထားခြင်း မပြုနိုင်သေးမီ လိုအပ်ချက်များစွာရှိသည်ကို နားလည်သိရှိပါကြောင်း၊ ရိက္ခာများ၊ ငွေကြေးနှင့်အတူ ထောက်ပံ့ပစ္စည်းများကို တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံများ၏ ဒုက္ခခံစားရမှုများ၊ စိုးရိမ်ပူပန်များကို မေတ္တာတရားကိုအခြေခံပြီး ကြိုးစားဖြည့်ဆည်း ဆောင်ရွက်နေပါကြောင်း၊ အပြန်အလှန် ပွင့်လင်းမြင်သာမှုဖြင့် ယုံကြည်မှုရှိရှိ လက်တွဲဆောင်ရွက်ကာ နိုင်ငံတော်နှင့် တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ ရေရှည်ကောင်းကျိုးရရှိရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘေးဒုက္ခ ခံစားနေရသောတိုက်ပွဲရှောင် ရခိုင်တိုင်း ရင်းသားများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄၄၇၀အတွက် ဆန်ရိက္ခာ တစ်လစာငွေကျပ် သိန်း ၄၀ဝ ကျော်နှင့် အိမ်ထောင်စု ၉၇၀ အတွက် မြက်ဖျာနှင့်စောင် တန်ဖိုးငွေကျပ် ၉၉ သိန်းကျော် တို့ကို ထောက်ပံ့ပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တိုက်ပွဲရှောင်ပြည်သူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

mdn

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပုဏ္ဏား ကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များရှိ တိုက်ပွဲရှောင် ပြည်သူများသို့ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများအတွက် ငွေကျပ်သိန်း ၂၀ဝ ကျော်ကို ကနဦး ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ်သိန်း ၇၀ဝ ကျော်ဖြစ်ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)