မြန်မာနိုင်ငံမှာ ကျောက်မျက်တန်ဖိုးသတ်မှတ်ရာတွင် အသုံးပြုသောစနစ်သည် နိုင်ငံတကာ စံ၊ အလေ့အထများနှင့် ကွာဟနေဟု MEITI အစီရင်ခံစာတွင်ဖော်ပြထား

မန္တလေး  ၁၁  ဇန်နဝါရီ

 

မြန်မာနိုင်ငံရှိ ကျောက်မျက်တန်ဖိုးသတ်မှတ်ရာတွင် အသုံးပြုသောစနစ်သည် နိုင်ငံတကာ စံ၊ အလေ့အထများနှင့် ကွာဟနေကြောင်း ယနေ့ထုတ်ပြန်သည့် တတိယအကြိမ် MEITI အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာတန်ဖိုးကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ လွှတ်တော်၊ မြန်မာနိုင်ငံ ကျောက်မျက်နှင့် ကျောက်စိမ်း လုပ်ငန်းရှင်များအသင်းနှင့် ပြည်ပကျွမ်းကျင်ပညာရှင် တစ်ဦးတို့ပါဝင်သည့် ကော်မတီက တန်ဖိုး သတ်မှတ်သည်။ တန်ဖိုးဖြတ်ပြီးသွားသော ကျောက်များအား ပြန်လည်စစ်ဆေးခြင်း၊ လွတ်လပ်သည့် စစ်ဆေးခြင်းများမရှိဟု MEITI အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 ‘တန်ဖိုးဖြတ်တာကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနဲ့ ပြင်ပကျွမ်းကျင် ပညာရှင် တစ်ဦးတို့ရဲ့ လုပ်ပိုင်ခွင့်ပေါ်မှာသာ ကန့်သတ်ထားတယ်။ ဥပမာ ကျောက်မျက်တန်ဖိုးဆိုရင် ကျောက်မျက်တန်ဖိုးဖြတ်တဲ့နေရာသွားတော့ ကျောက်စိမ်းတုံး တစ်တုံးကို တန်ဖိုးဖြတ်တာသည် တစ်မိနစ်မကြာဘူး။ တော်တော်ကို အံ့အားသင့်မိတယ်’ ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့၊ MEITI အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ပြောသည်။

 

ထို့အပြင် မြန်မာနိုင်ငံမှာ ကျောက်တွင်းမှ ဈေးကွက်အထိ၊ နောက်ကြောင်းခြေရာခံခြင်းအား နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီရန်လိုအပ်ကြောင်း သိရသည်။ ကျောက်မျက်များကို အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ်ထုတ်ပေးနိုင်သည့် ဓာတ်ခွဲခန်းအရေအတွက် နည်းပါးနေကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။

 

ကျောက်မျက်တန်ဖိုးဖြတ်ခြင်းနှင့်ပတ်သက်ပြီး လုပ်ငန်းစဉ်များပြန်လည်သုံးသပ်ရန်၊ တန်ဖိုးဖြတ် ကော်မတီ၏ အစည်းအဝေးမှတ်တမ်းများတွင် တန်ဖိုးဖြတ်စနစ် ရှင်းလင်းတိကျအောင် ဖော်ပြခြင်းကို ရွေးခြယ်ဆောင်ရွက်ရန် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်များ၏ ရောင်းဈေးများအကြား စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း အကြံပြုတင်ပြထားသည်။ 

 

မြန်မာနိုင်ငံတွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး MEITI တတိယအကြိမ် အစီရင်ခံစာကို ယနေ့မန္တလေးမြို့ ဟိုတယ်မာဘယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် သယံဇာတတူးဖော်ခြင်းမရရှိသည့် အခွန်ငွေများ စီမံအုပ်ချုပ်ခြင်းနှင့် ပတ်သက်ပြီး အကြံပြုချက် ၄ ချက်၊ ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး အကြံပြုချက် ၂ ချက်၊ EITI Implementation လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် အကြံပြုချက် ၁၅ ချက်ဖြင့် အကြံပြုထားသည်။

 

အိမို့မို့ခိုင်