GAP စနစ်ဖြင့် ပဲတီစိမ်းသီးနှံ စိုက်ပျိုးသော တောင်သူများအား ပဲတီစိ်မ်း GAP အသိအမှတ်ပြု လက်မှတ်များပေးအပ်

မင်းဘူး  ၁၂   ဇန်နဝါရီ        

 

မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မင်းဘူး(စကု) မြို့နယ်တွင်  GAP စနစ်ဖြင့် ပဲတီစိမ်းသီးနှံ စိုက်ပျိုးသော တောင်သူများအား ပဲတီစိမ်း GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက အဖွင့်အမှာစကား ပြောကြားရာ မင်းဘူး(စကု) မြို့နယ်တွင်း ပဲတီစိမ်းသီးနှံကို GAP စနစ်ဖြင့် ဌာနက အသိအမှတ်ပြု အားပေးသည့်အတွက် တောင်သူများအနေဖြင့်  GAP စနစ်အသုံးပြု၍ ကြိုးစားဆောင်ရွက်သွားရန် အမှာစကားပြောကြားခဲ့သည်။

 

111

 

ယင်းနောက် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်းက GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ICCO အဖွဲ့မှ စီမံကိန်း တာဝန်ခံ ဦးခင်ဇော်ထွန်းက ပဲတီစိမ်း GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်လျှောက် ပူးပေါင်း ပါဝင်ကူ့ညီသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မင်းဘူး(စကု) မြို့နယ်မှ ပဲတီစိမ်းစိုက်တောင်သူများကိုယ်စား မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဌ၊ ရွာပုလဲကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာမှ တောင်သူ ဦးဟန်ညွန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ဆက်လက်၍ အမျိုးသားလွှွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိ လူကြီးမင်းများက မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူ ၁၅ ဦးအား ပဲတီစိမ်း GAP အသိအမှတ်ပြု လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နီလာမော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အသီးသီးတက်ရောက်ကြကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)

 

222