ပေါင်မြို့နယ်တွင် တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ စက်သုံးဆီရောင်းချသူအား စစ်ဆေးတွေ့ရှိ

ပေါင်  ၁၂  ဇန်နဝါရီ 

 

သထုံခရိုင် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ အမှတ် ၆ ရပ်ကွက်တွင် ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီက တရားဝင် ခွင့်ပြုချက်လိုင်စင်မရှိဘဲ စက်သုံးဆီများရောင်းချနေသူကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဥတ္တံတားကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် တရားမဝင် စက်သုံးဆီများရောင်းချနေကြောင်း သတင်း အရ မြို့မရဲစခန်းမှ ဒုရဲအုပ်အောင်မိုးကျော်နှင့် တပ်ဖွဲ့ဝင်များက ဦးအောင်လွင်၏ ဈေးဆိုင်အား ဝင်ရောက်ရှာဖွေရာ ဈေးဆိုင် အတွင်းတွင် ဒေါ်ဌေးမြိုင်၊ ၅၁ နှစ် ပေါင်မြို့နယ်နေသူမှ United တံဆိပ်ပါ ဂါလန် ၅၀ ဆန့်ဝင်သည့် ဂေါက်ပါသည့် ဓါတ်ဆီ ၁၂ ဂါလန် ထည့်ထားသော တိုင်ကီ ၁ လုံး၊ လောင်စာဆီသိုလှောင်ရန်အတွက် ၅၀ ဂါလန် ဆန့်ဝင်သည့် ဂေါက်ပါသည့် တိုင်ကီ ၁ လုံး၊ ဆီချိန်ရာတွင် အသုံးပြုသည့် ၁ ဂါလန်ဆန့် ချိန်ခွက် ၁ လုံး၊ ၃ ပုလင်းဆန့် ချိန်ခွက် ၁ ခု၊ ၁ ပုလင်းဆန့် ချိန်ခွက် ၁ ခု၊ ကတော့ ၁ ခု၊ အစိမ်းရောင်ရေစစ် ၁ ခု၊ ငွေစက္ကူရောရော ၁၅၀ဝ၀ တို့အား စစ်ဆေးတွေ့ရှိသဖြင့် တရားမဝင်ခွင်ပြုချက် လိုင်စင်မရှိဘဲ စက်သုံးဆီများအား လက်ဝယ်ထားရှိရောင်းချနေသူ ဒေါ်ဌေးမြိုင်အား ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။

 

ကိုဟိန်း(ပေါင်)