၂၀၁၉ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ပစ္စည်းများကို ဇန်နဝါရီ ၁၇ ရက်မှ စတင်ပြီး ထုတ်ယူနိုင်မည်

ရန်ကုန် ၁၂  ဇန်နဝါရီ 


၂၀၁၉ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (YYIM 2019)အတွက် ပြိုင်ပွဲဝင်ပစ္စည်းများကို ဇန်နဝါရီ ၁၇ ရက်မှစတင်ပြီး ၁၉ ရက်ထိ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။


ရန်ကုန်မြို့တွင် အကြီးမားဆုံး မာရသွန်ပြိုင်ပွဲဖြစ်သည့် ၂၀၁၉ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (YYIM 2019) ကို Yoma Strategic Holdings Ltd (Yoma Strategic) မှ ကြီးမှူးပြီး First Myanmar Investment Co., Ltd. (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၀ ရက်တွင် (၇) ကြိမ်မြောက်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။


"ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးက အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ထောက်ပံ့လှူဒါန်းမှုပြုလုပ်ဖို့ ရန်ပုံငွေရှာဖွေခြင်း ဖြစ်ပါတယ်။ မာရသွန်ပြိုင်ပွဲ ကျင်းပတိုင်း မြန်မာနိုင်ငံက ကလေးသူငယ်တွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ပုံငွေ ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ “Run for Children” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း YYIM 2019 မှ ရရှိလာမယ့် ရန်ပုံငွေတွေကို ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ပရဟိတအဖွဲ့အစည်း ငါးဖွဲ့ကို ထောက်ပံ့လှူဒါန်းသွားမှာ ဖြစ်ပါတယ်" ဟု Yoma Strategic Holdings Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။


၂၀၁၉ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (YYIM2019) တွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ပစ္စည်းများကို မဖြစ်မနေ ထုတ်ယူရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်မထုတ်ယူနိုင်ပါက လိုအပ်သည့် အချက်အလက်များနှင့်အတူ ကိုယ်စားလှယ်ဖြင့်လည်း လာရောက် ထုတ်ယူနိုင်မည်ဖြစ်သည်။


အဆိုပါပြိုင်ပွဲတွင် ပြည်ပမှ ပြိုင်ပွဲဝင်များအနေဖြင့် Race Pack များကို ပြိုင်ပွဲကျင်းပမည့် ဇန်နဝါရီ ၂၀ ရက် နံနက် ၄ နာရီမှ ၇ နာရီအတွင်း သုဝဏ္ဏ မိုးလုံလေလုံ အားကစားဝင်းအတွင်းရှိ Race Village Information Booth တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပြိုင်ပွဲဝင်ပစ္စည်းများတွင် ပြိုင်ပွဲဝင်တီရှပ်၊ ပြိုင်ပွဲဝင်နံပါတ်ပြား၊ ပြိုင်ပွဲလမ်းညွှန်နှင့် YYIM 2019 စပွန်ဆာများ၏ အမှတ်တရလက်ဆောင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 


Light

 

mdn