ပေါက်မြို့နယ်၌ ဆောင်းရာသီ ကြက်သွန်၊ အာလူးစိုက်တောင်သူများ ရာသီမီစိုက်ပျိုးနိုင်ရန် မြေပြင်ခြင်းဆောင်ရွက်

ပေါက်  ၁၂ ဇန်နဝါရီ  


ပေါက်မြို့နယ်၌ တောင်သူများ ဆောင်းရာသီ သီးနှံဖြစ်သော ကြက်သွန်နှင့် အာလူးများအား ရာသီမီစိုက်ပျိုးနိုင်ရေး လယ်ထွန်စက်ကြီးများနှင့် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ပေါက်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း (၇၁)အုပ်စုနှင့် ကျေးရွာပေါင်း (၂၃၅) ရွာရှိပြီး ယောချောင်း ဘေးတစ်လျှောက်ရှိ စိုက်ပျိုးရေး တောင်သူများသည် ဆောင်းရာသီကြက်သွန်ကို အဓိကထားစိုက်ပျိုးလျက်ရှိကာ ကျောချောင်းဘေးတစ်လျောက်ရှိ စိုက်ပျိုးရေးတောင်သူများသည် ဆောင်းရာသီ အာလူးကို အဓိကထား စိုက်ပျိုးလျက်ရှိသည်။


ဆောင်းရာသီ အာလူးစိုက်  တောင်သူများသည် နတ်တော်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးလျက်ရှိပြီး တပေါင်းလထဲတွင် ဖော်ကာရောင်းချလျက်ရှိကြောင်း၊ ကြက်သွန်စိုက် တောင်သူများသည် ပြာသိုလဆန်းပိုင်းတွင် စတင်စိုက်ပျိုးလျက်ရှိပြီး တန်ခူးလထဲတွင် ဖော်ကာရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်တွင် ရာသီမီစိုက်ပျိုးရောင်းချ နိုင်ရေးအတွက် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


ယခင်က ကျွဲ၊ နွားများသာ အသုံးပြုခဲ့ကြပြီး ယခုအခါ ကျွဲ၊ နွားများသာမက ခေတ်မီလယ်ထွန်စက်ကြီးဖြင့် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွဲ၊ နွား တစ်ရှဉ်းလျှင် တစ်မနက် ကျပ် ၁၀ဝ၀ဝ ပေးရပြီး မြေ ၁၀ တောင်ပတ်လည်  ၅ ကျင်းခန့်  ပြီးစီးပြီး ထွန်စက်တစ်နာရီလျှင် ကျပ်နှစ်သောင်းပေးရကာ တစ်နာရီ ၁၀ တောင်ပတ်လည် (၂၅)ကျင်းခန့် ပြီးစီးကြောင်း သိရသည်။


ငွေအကုန်အကျသက်သာကာ အချိန်စောပြီး စိုက်ပျိုးနိုင်ကြောင်း ဒေသခံ အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ တောင်သူများသည် ဆောင်းရာသီတွင် ချောင်းမကြီးနှစ်ခုကို အဓိကထား စိုက်ပျိုးကြရာ ယခုအခါရာသီမီ စိုက်ပျိုးနိုင်ရန်အတွက် မြေပြင်ခြင်းလုပ်ငန်းများကို ခေတ်မီစက်ယန္တရားကြီးများနှင့် ဆောင်ရွက်လျက်နေခြင်းဖြစ်သည်။


ဉာဏ်တိုး (ပေါက်)