၂၀၁၉ တွင် ကျင်းပမည့် အာဆီယံအဆင့် ပြိုင်ပွဲများတွင် မြန်မာအသင်းများ ယှဉ်ပြိုင်မည်

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲများတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ဒီဇင်ဘာဒုတိယပတ်က ကျင်းပသည့် ကောင်စီအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပမည့်ရက်တို့ကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစုစုပေါင်းခြောက်ခု ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲများအဖြစ် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲကို မေ ၁၀ ရက်မှ ၂၂ ရက်အထိ ထိုင်းနိုင်ငံ၊ အာဆီယံ ယူ-၁၅ အမျိုးသားပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၉ ရက်အထိ ထိုင်းနိုင်ငံ၊ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို သြဂုတ် ၄ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ အာဆီယံအမျိုးသမီးပြိုင်ပွဲကို သြဂုတ် ၁၆ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၊ အာဆီယံဖူဆယ်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံတို့တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် ပြိုင်ပွဲအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းအများစုမှာ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပထမဆုံးပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ကျင်းပသောကြောင့် အသင်းအများစုမှာ ဆီးဂိမ်းအသင်းများဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရခဲ့ပြီး ယင်းပြိုင်ပွဲအပါအဝင် မတ်လတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် ယခုလအတွင်း ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။

 

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်