(၄၃)ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသမှု ဒုတိယနေ့ သီပေါမြို့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးတွင် ဆက်လက်ဆောင်ရွက်

သီပေါ ၁၈ ဇန်နဝါရီ    


(၄၃)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသမှု ဒုတိယနေ့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိဝေဒနာရှင်များအား ယမန်နေ့ နံနက်(၈) နာရီ အချိန်က အခမဲ့စမ်းသပ် ကုသပေးလျက်ရှိသည်။

 

123

 

အဆိုပါ  မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသမှုကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစသည့် မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက ဇန်နဝါရီ ၁၆  ရက်နေ့မှ စတင်စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိရာ ပထမနေ့တွင် မျက်စိစမ်းသပ်လူနာ ၂၈၅ ဦး၊ ခွဲစိတ်လူနာ ၅၃ ဦးနှင့် ဒုတိယနေ့တွင် စမ်းသပ်လူနာ ၆၇၉ ဦး၊ ခွဲစိတ်လူနာ ၁၃၁ ဦးတို့အား အခမဲ့စမ်းသပ် ကုသခွဲစိတ် ဆောင်ရွက်ပေးလျက်ရှိသည်။


သီပေါမြို့နှင့် အနီးတစ်ဝိုက် မြို့များဖြစ်သော လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်(မြောက်)၊ မိုင်းငေါ့၊ မိုင်းလုံ စသည့်မြို့များမှ မျက်စိဝေဒနာရှင်များ၊ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ မျက်စိဝေဒနာရှင်များ လာရောက်စမ်းသပ် ကုသလျက်ရှိကြောင်းနှင့် အဆိုပါ စမ်းသပ်ခွဲစိတ်ကုသမှုကို ဇန်နဝါရီ ၂၀ ရက်နေ့အထိ ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက် မှသိရသည်။


MDN