၆၆ ကေဗွီ၊ ရသေ့တောင်- ဘူးသီးတောင်- မောင်တော ဓာတ်အားလိုင်း (၄၂ ဒသမ ၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၁၉ ဇန်နဝါရီ 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ၊ ရသေ့တောင်- ဘူးသီးတောင်- မောင်တောဓာတ်အားလိုင်း (၄၂ ဒသမ ၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေမောင်တော ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉) နာရီတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၆၆ ကေဗွီ၊ ရသေ့တောင်- ဘူးသီးတောင်- မောင်တော ဓာတ်အားလိုင်း (၄၂ ဒသမ ၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် မောင်တောမြို့သို့ ဓာတ်အား စတင်ဖြန့်ဖြူးခြင်းအခမ်းအနား အထိမ်းအမှတ်ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အနေဖြင့် ပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များကို အခြေခံပြီး သံတွဲမြို့တွင် သူဌေးရေအားလျှပ်စစ် စီမံကိန်း (၁၁၁ မဂ္ဂါဝပ်) ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းတွင် လည်းကောင်း၊ ကျောက်ဖြူမြို့တွင် ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း (၁၃၅ မဂ္ဂါဝပ်) ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းတွင်လည်းကောင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုအခါ ၂၃၀ ကေဗွီဗို့အားအဆင့်နှင့်သာ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနေရသည့်အတွက် နောင်တိုးတက်သုံးစွဲလာမည့် ဝန်အားများကို နိုင်နင်းစွာသယ်ဆောင်နိုင်ပြီး ဓာတ်အားလိုင်းများ ဝန်အားပြည့်ခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်း စသည့်အားနည်းချက်များကို တတ်နိုင်သမျှ ကာကွယ်နိုင်ရန်အတွက် ပင်မကျောရိုးဓာတ်အားလိုင်း (Back Bone) အနေဖြင့် ၅၀ဝ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကို ဦးစားပေးအဆင့်များခွဲပြီး တည်ဆောက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တစ်ဝှမ်းလုံးသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လည်းကောင်း၊ မီးစက်ကြီးများဖြင့်လည်းကောင်း ဓာတ်အားရရှိသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့် အိမ်ထောင်စု ဦးရေ ၄၅၉၇၇၂ ဦးရှိသည့်အနက် မြို့ပေါင်း (၂၆)မြို့၊ ကျေးရွာပေါင်း ၁၈၉၉ ရွာရှိ လျှပ်စစ်မီးသုံးစွဲနိုင်သည့် ဦးရေ ၉၅၁၆၆ ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားနိုင်ခဲ့သည့်အတွက် ပြည်နယ်တစ်ခုလုံး၏ Electrification Ratio မှာ (၂၁) ရာခိုင်နှုန်း ရှိနေပြီဖြစ်သလို ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၇၄၂ ရွာရှိသည့်အနက် ၁၈၉၃ ရွာမှာလျှပ်စစ်ဓာတ်အား ရရှိပြီးဖြစ်သည့်အတွက် ပြည်နယ်တစ်ခုလုံး၏ ကျေးရွာ မီးလင်းမှု Electrification Ratio မှာ (၅၀ ဒသမ ၅၈) ရာခိုင်နှုန်း ရှိနေပြီဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားကို (၁၅မဂ္ဂါဝပ်) ခန့်သာသုံးစွဲခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် (၅၄မဂ္ဂါဝပ်)အထိ တိုးတက်သုံးစွဲလာသည့်အတွက် ယခုထက်ပိုမို တိုးတက်သုံးစွဲလာနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့သည် ကျွန်းမြို့တစ်ခုဖြစ်ပြီး ပင်လယ်ပြင်အား ဖြတ်သန်းသွားလာရသဖြင့် ဓာတ်အားစနစ်မှ ဓာတ်အားလိုင်းများ သွယ်တန်းကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ငွေကုန်ကြေးကျ များပြားသောကြောင့် ဓာတ်အားပေးနိုင်မည့် နည်းလမ်းများကို ကြိုးစားရှာဖွေခဲ့ရာ ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ် (ESS- Energy Storage System) ဖြင့် POSCO Daewoo Corporation နှင့်ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကိုလည်း ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ ခုနှစ်၊ မေလတွင်ပြီးစီးနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း ပြီးစီးပါက မာန်အောင်ဒေသရှိကျန်ရှိသည့် ကျေးရွာ(၈၀)ရွာရှိ အိမ်ထောင်စု(၇၈၅၀)စုကိုလည်း လျှပ်စစ်ဓာတ်အား ပေးနိုင်ရေးဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ဒေသအနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိမှုရာခိုင်နှုန်း (Electrification Ratio) ကို ၂၀၂၀ ခုနှစ်တွင် (၄၅ ဒသမ ၄၂ ရာခိုင်နှုန်း) နှင့် ၂၀၂၅ ခုနှစ်တွင် (၇၅ ရာခိုင်နှုန်း) နှင့် အထက်တိုးတက်လာစေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် ဦးစားပေးဆောင်ရွက်ပေးနေသဖြင့် ဤဒေသတွင် လူမှုစီးပွားဘဝများ၊ စက်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံသူများ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်လာနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်၏ ရေထွက်ကုန်ပစ္စည်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့်အခြေအနေများအား  ရှင်းလင်းပြောကြားခဲ့ပြီး မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ၆၆ ကေဗွီ၊ ရသေ့တောင်- ဘူးသီးတောင်- မောင်တောဓာတ်အားလိုင်း (၄၂ ဒသမ ၃) မိုင်၊ ၆၆/ ၁၁ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် မောင်တောမြို့သို့ ဓာတ်အား စတင်ဖြန့်ဖြူးခြင်း အခမ်းအနား အထိမ်းအမှတ်ဖဲကြိုးအား ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်နှင့် ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် စစ်တွေမြို့ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ မဟာဓာတ်အားလိုင်းမှူး၊ ဓာတ်အားခွဲရုံမှူးများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး၊ ရခိုင်ပြည်နယ်အတွင်း တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ကြိုတင်တွက်ချက်၍ စီမံဆောင်ရွက်ထားရန်၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အဂတိတရား ကင်းရှင်းစွာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက် အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် ဓာတ်အားခွဲရုံမှူးများက ဓာတ်အားခွဲရုံအလိုက် ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူးမှု အခြေအနေများကိုလည်းကောင်း၊ မဟာဓာတ်အားလိုင်းမှူး (အမ်း) က ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက ခရိုင်အလိုက် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြ၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။  

(သတင်းစဉ်)
 

mdn

 

mdn