အာကာသအတွင်း ဂြိုဟ်သိမ်တစ်ခုတွင် ရေတွေ့ရှိ

နာဆာ အာကာသယာဉ် SIRIS-Rex  မှ ရရှိသော အချက်အလက်များကို ဆန်းစစ်လေ့လာချက်များအရ အာကာသအတွင်း ဗန်နူ အမည်ရှိ ဂြိုဟ်သိမ်တစ်ခု၏ အတွင်းပိုင်းတွင် ရေတွေ့ရှိရကြောင်း သိရသည်။ အဆိုပါ တွေ့ရှိချက်ကို တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု ဘူမိရူပဗေဒ နှစ်ပတ်လည် အစည်းအဝေးမှ အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းဂြိုဟ်သိမ် ဗန်နူဟာ ကမ္ဘာမြေမှ ကီလိုမီတာ ၁၂၂ သန်းအကွာအဝေးတွင်ရှိနေပြီး အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင် အက်တမ်များ ပူးတွဲပါဝင်သော မော်လီကျူးများ ရှိနေကြောင်းလည်း အတည်ပြုထားသည်။

နာဆာအာကာသယာဉ်သည် ဂြိုဟ်သိမ် ဗန်နူအား သြဂုတ်လလယ်ပိုင်းမှ ဒီဇင်ဘာလ အစောပိုင်းထိ လေ့လာမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဂြိုဟ်သိမ်ပေါ်ရှိ အချို့နေရာများတွင် ဂြိုဟ်သိမ်၏ ကျောက်အပိုင်းအစများနှင့် ရေ၏ အပြန်အလှန် သက်ရောက်မှုများရှိနေသဖြင့် ၎င်းဂြိုဟ်အနှံ့တွင် အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင် အက်တမ်များ ပါဝင်သည့် မော်လီကျူးအုပ်စုများ ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက သံသယရှိနေသည်။  ဂြိုဟ်သိမ်အနေဖြင့် ရေကိုအမြဲတမ်းထိန်းသိမ်းထားနိုင်ရန် သေးငယ်လွန်းနေပြီး ပိုမိုကြီးမားသည့် ၎င်း၏ ဂြိုဟ်မကြီးတွင်သာ ရေရှိနေနိုင်ကြောင်း သိပ္ပံပညာရှင်များ၏ ယူဆချက်အရ သိရသည်။

“ ဂြိုဟ်သိမ် ဗန်နူဟာ နေအဖွဲ့အစည်းရဲ့ အစောပိုင်း အကြွင်းအကျန်တစ်ခုဖြစ်ပြီး အဲဒီ ဂြိုဟ်သိမ်အနှံ့မှာ ရေဓာတ်ပါဝင်တဲ့ သတ္ထုတွေ ရှိနေတယ်။ ပြီးတော့ အာကာသယာဉ် SIRIS-Rex အတွက် အကောင်းဆုံး နမူနာတွေပါပဲ။ ၂၀၂၃ ခုနှစ်မှာ အာကာသယာဉ် ကမ္ဘာကို ပြန်လာတဲ့အခါ အဲဒီ နမူနာတွေကို လေ့လာပြီး ကျွန်တော်တို့ နေအဖွဲ့အစည်း သမိုင်း၊ ဆင့်ကဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်အသစ်တွေကို ရရှိမှာပါ ”  ဟု နာဆာသိပ္ပံပညာရှင် အေမီ ဆိုင်မွန်က ပြောသည်။

အာကာသယာဉ်ဟာ ၎င်းဂြိုဟ်သိမ်၏ တောင်ဝန်ရိုးစွန်းဘက်တွင် အမြင့် ၅၀ မီတာနှင့် အကျယ် ၅၅ မီတာရှိသည့် ကျောက်သားဂြိုဟ်သိမ်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းကျောက်သားဟာ ထင်ထားသည်ထက်လည်း ပိုကြီးနိုင်ကြောင်း သိရသည်။

ဂြိုဟ်သိမ် ဗန်နူ၏ မျက်နှာပြင်ဟာ ကျောက်သားများနှင့် ပြည့်နှက်နေပြီး အာကာသယာဉ်သည်  အပိုင်းအစ နမူနာများကို ရယူနိုင်ရန် ဂြိုဟ်နှင့် အနီးဆုံးသို့ ချည်းကပ်ခဲ့ရကြောင်း သိရသည်။ 

SMZaw (MDN)

Soruce> Xinhua

ဓါတ်ပုံ- AFP & Xinhua