“အောင်ဆန်း”ရုပ်ရှင်ရိုက်ကူးမှုနှင့် ပတ်သက်၍မီဒီယာ မိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန် ၄ ဇန်နဝါရီ 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုတို့ကို အောက်မေ့သတိရ တန်ဖိုးထားတတ်စေရန် “အောင်ဆန်း”ရုပ်ရှင်ကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဇာတ်ကားကြီးကို တာဝန်ယူရိုက်ကူးကြမည့်သူများက မီဒီယာများအား မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကုက္ကိုင်းလမ်းဆုံရှိ ချင်းချောင်းနန်းတော်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အဆိုပါဇာတ်ကားကို တာဝန်ယူရိုက်ကူးမည့် ဒါရိုက်တာလူမင်းနှင့်အဖွဲ့က မီဒီယာများနှင့် တက်ရောက်လာသူများကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ရာ ဇာတ်ကား ဖြစ်မြောက်ရန် အဘက်ဘက်မှ အခက်အခဲပေါင်းများစွာ စောင့်ကြိုလျက်ရှိသော်လည်း အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဗိုလ်ချုပ်ကိုချစ်သော စိတ်ထားတို့ဖြင့် “အောင်ဆန်း”ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရိုက်ကူးပုံဖော်သူ(၅)ဦး၏ပီတိစကားသံ တို့ကိုလည်း ဤသို့ကြားသိခဲ့ရသည်။

 

mdn

 

ဦးလူမင်း(အောင်ဆန်းရုပ်ရှင်၏ဒါရိုက်တာ)

“ဒီအလုပ်ကခက်ခဲပြီးတော့သိမ်မွေ့နက်နဲတဲ့အလုပ်တစ်ခုပါ။လူ့သဘောသဘာဝက ခက်ခဲတဲ့အလုပ်ဆို မလုပ်တာကောင်းတယ်ပေါ့နော်။ လုပ်ရင်ပြောဆိုဝေဖန်ခံရမယ်ဆိုတဲ့ အလုပ်အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့အနေနဲ့ သမိုင်းပေးတာဝန်အရကော၊ ကိုယ့်ခေတ် ကိုယ့်အချိန်မှာ ဒီလိုသမိုင်းပေးတာတာဝန်တစ်ခု ပုခုံးပေါ်ကျလာတဲ့အချိန် ဒီတာဝန်ကို မိမိသမိုင်းမှာ တတ်နိုင်သလောက် လုပ်ဆောင်သွားတယ်ဆိုတဲ့ ကိုယ့်သမိုင်းကိုယ် ရေးခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း အင်မတန်မှမိမိကိုယ်ကိုယ်ဂုဏ်ယူပါတယ်။ ကျေနပ်ပီတိလည်းဖြစ်မိပါတယ်။

mdn


အလင်္ကာကျော်စွာ ပန်းချီစိုးမိုး(အောင်ဆန်းရုပ်ရှင်၏Casting ဒါရိုက်တာ)

“ဒီဇာတ်ကားကို နဂိုထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရိုက်ချင်တဲ့စိတ်ဆန္ဒရှိတယ်ပေါ့။ လုပ်ခဲ့တယ်ပေါ့။ ကျွန်တော်က ပထမဆုံး ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ “ကြယ်စင်မော်ကွန်း”ကို ရိုက်ခဲ့တာကိုး။ အဲ့ဒါက ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း။ အခုဟာက အတ္ထုပ္ပတိဆိုတော့ ပိုပြီး ကျယ်ပြန့်တယ်။ အခက်အခဲအများကြီးရှိတယ်။ ဇာတ်ကောင်၊ နေရာ၊ အဆောက်အဦးစတဲ့ အခက်အခဲအများကြီးရှိတယ်။ ဒါကလူတိုင်းမှာလည်း တာဝန်ရှိတယ်။ တပ်မတော်လည်း သူ့တာဝန်နဲ့သူ ရိုက်သွားပြီးသွားပြီ။ အဲ့ဒီလိုပဲကျွန်တော်တို့ ပြင်ပပညာရှင်တွေ၊ သမိုင်းပညာရှင်တွေက သမိုင်းထောင့်ကနေ ပြောကြမှာပဲ။ ရုပ်ရှင်ပညာရှင်က ရိုက်ကူးရေးနဲ့ ပတ်သက်လို့လုပ်ကြမှာပဲ။ နည်းပညာရှင်တွေလည်း ဒီလိုပဲ။ အားလုံးမှာတာဝန်ရှိပါတယ်။ နိုင်ငံတော်ရဲ့အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် လူတိုင်းမှာတာဝန်ရှိတယ်လို့ဆိုလိုတာပါ။

ပြစ်တင်ဝေဖန် တိုက်ခိုက်နေမယ့်အစား ဘယ်လိုပံ့ပိုးကြမလဲ။ ဘယ်လိုဝေဖန်အကြံပြုမလဲ။ စေတနာလိုပါတယ်။ စေတနာပါတဲ့အကြံပြုချက်ဆိုရင် လက်ခံမှာပါ။ ကျွန်တော်ကြီးပဲ မပြီးသလို ကိုလူမင်းတစ်ယောက်ထဲလည်း မပြီးပါဘူး။ အားလုံးသိပြီးသော အခန်းကဏ္ဍက တစ်ကန့်၊ အားလုံးမသိသေးတဲ့ အခန်းကဏ္ဍက တစ်ကန့်ဆိုပြီးရှိမယ်။ ဗိုလ်ချုပ်ရဲ့ကျောင်းသားဘ၀ နေခဲ့တဲ့ သူတွေသိမယ်။ ရဲဘော်သုံးကျိပ် ရိုက်မယ်ဆိုရင်လည်း ရိုက်ကွက်တွေ အများကြီးပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့သူတွေက တော်တယ်။ ဘေးကထိုင်ပြီး ပြသနာအားလုံးဟာ ဘေးထိုင်ဘုပြောနေတဲ့သူတွေကြောင့် ဒီနေ့အချိန်ထိ တိုင်းပြည်မှာ ပဋိပက္ခတရားတွေက အဲ့ဒါကြောင့်ဖြစ် နေတာ။ ဗိုလ်ချုပ်ဇာတ်ကားဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းပြီး စေတနာနဲ့အကြံပြုစေလိုပါတယ်။ တစ်ခေတ်တစ်ခါ ဒီဇာတ်ကားမှာ အားဖြည့် ခွင့်ရတဲ့အတွက် ဂုဏ်လည်းယူပါတယ်။

 

mdn

 

ဒါရိုက်တာညီညီထွန်းလွင်

ကိုလူမင်းက ဒီဇာတ်ကားကို ဒါရိုက်တာလုပ်မယ်ဆိုတာသိတော့ သူ့အတွက်ရင်လေးမိပါတယ်။ သူအကူအညီတောင်းတဲ့အခါမှာ သူနဲ့နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့အတွက် တာဝန်ကျေချင်တယ်။ နှစ်ပေါင်း(၄၀)နီးပါး ရုပ်ရှင်ရိုက်၊ ဇာတ်ညွှန်ရေးခဲ့တာကနေ အခုရုပ်ရှင် မရိုက်တော့ဘူး။ ရုပ်ရှင်အစည်းအရုံးမှာ လုပ်ပေးနေတယ်။ ကိုယ်တစ်သက်လုံးတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကိုလူမင်းကို ကူညီမယ်ဆိုပြီးလုပ်ငန်းကော်မတီထဲမှာ ပါတာပါ။

ဒီလိုဇာတ်ကားမျိုးကို ရိုက်ခွင့်ရတဲ့ကိုလူမင်းအနေနဲ့ မြန်မာလူမျိုးတစ်ဦးဖြစ်ရကျိုးနပ်တယ်လို့ ဆိုရမှာပါ။ အခြားနှိုင်းယှဉ်စရာမရှိအောင်ကို ဂုဏ်ယူစရာပါ။ သူ့အနေနဲ့ အမျိုးသားရေးတာဝန်ကို ကျေပွန်တယ်လို့ခံယူမှာပါ။ ကျွန်တော်တို့အနေနဲ့လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဒါရိုက်တာ ကိုလူမင်းကို အကူအညီပေးသွားမှာပါ။ တစ်ချိန်မှာ သမိုင်းစာမျက်နှာတွေက စကားပြောပါလိမ့်မယ်။ အခန်းပေါင်း ၁၁၆ ခန်းရှိတဲ့အတွက် ဇာတ်ညွှန်းအဆင့်မှာ အခန်းပေါင်း(၉၀)နီးပါးထိ လျှော့ချ တည်းဖြတ်နိုင်မှ အခန်းတိုင်းကို အကုန်အကျခံပြီး ရိုက်ကူးရမှာဖြစ်တဲ့အတွက် မရိုက်ခင်ထဲက တည်းဖြတ်နိုင်မယ်ဆိုရင် အားလုံးသက်သာရာရစေမှာပါ။ ဒီဇာတ်ကားမှာ ပါဝင်ကူညီခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာ ဂုဏ်ယူရပါတယ်။

 

mdn

 

ဒါရိုက်တာထွန်းအောင်ဇော်(အကယ်ဒမီ)

ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးတဲ့အခါမှာ မည်သူပဲရိုက်ရိုက် ဒီအလုပ်ကို ကျွန်တော်တတ်နိုင်တဲ့ဘက်က ပတ်စာခွာဖျာသိမ်း မြင်တဲ့ဘက်က ဝိုင်းဝန်းလုပ်ဆောင်ဖို့ ပြောထားပြီးသားပါ။ ကျွန်တော့်သက်တမ်းမှာ ဒါဟာကြုံတောင့်ကြုံခဲပါပဲ။ နောက်ကြုံဖို့လည်းမလွယ်ပါဘူး။ ဗိုလ်ချုပ် ရုပ်ရှင်ကိုကြည့်တဲ့သူတိုင်းရဲ့ရင်ထဲမှာ “ ငါတိုလည်း ဒီလိုခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်နိုင်တဲ့ အရည်အချင်းတွေရှိ သားပဲ”ဆိုတဲ့ အတွေးတစ်ခုကိုလည်း ရရှိစေမှာပါ။ ပညာတတ်သည် ဖြစ်စေ၊ မတတ်သည်ဖြစ်စေ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ ကြိုးစားကြတဲ့သူ တွေလည်းအများကြီး ရှိနေပါလားဆိုတဲ့ အတွေးတွေ ဇာတ်ကားမှာ တွေ့မြင်စေလိုတဲ့ဆန္ဒရှိပါတယ်။ ဗိုလ်ချုပ်နဲ့အတူ ပါလာတဲ့သူတွေရဲ့ ဘဝပုံရိပ်တွေကိုတွေ့မြင်ပြီး တိုင်းပြည်ချစ်စိတ်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ပြီးတော့ တိုင်းပြည်လွတ်လပ်ရေးအတွက် ဘယ်သူတွေ ဘယ်လိုပေးဆပ်ခဲ့ရ တယ် ဆိုတာ ဇာတ်လမ်းကိုကြည့်နေရင်းနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေ နိုးကြွလာပြီး ငါတို့နိုင်ငံရဲ့ လွတ်လပ်ရေးဟာ လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါလားဆိုတာ ယနေ့လူငယ် တွေသိစေချင်ပါတယ်။

ဗိုလ်ချုပ်ဇာတ်ကားဟာ ကျွန်တော့ဘဝရဲ့သမိုင်းစာမျက်နှာဆိုရင်လည်းမမှားပါဘူး။ ပီတိဖြစ်တယ်။ ဂုဏ်ယူတယ်။ ဘာနဲ့မှ အစားထိုးလို့မရတဲ့ ဂုဏ်ယူခြင်းပါ။

 

mdn

 

ဒါရိုက်တာ ဦးစိုးကျော်စန်း

ကျွန်တော်တို့ပညာသင်ကြားခဲ့တဲ့အရွယ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကဗျာနဲ့ ဗိုလ်ချုပ်ကိုစထိ တွေ့ခဲ့ရတာပါ။ အဲ့ဒီထိကနှစ်လုံးသားထဲမှာ ရှိခဲ့ပါတယ်။ အရွယ်ရောက်တော့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ စာအုပ်စာပေတွေကိုဖတ်ရှုခွင့်ရတဲ့အတွက် ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ရင်ထဲမှာ သံမှိုနဲ့စွဲထားသလိုရှိနေခဲ့ပါတယ်။ အနုပညာလောကကို ရောက်တော့လည်း ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အိမ်မက်တွေအများကြီးရှိခဲ့တယ်။ တစ်ယောက်အားနဲ့မရနိုင်ခဲ့လို့သာ ဆောင်းအိမ်မက်လို့ လွင့်ပျယ်ခဲ့ရတာပါ။ အခုအိမ်မက်ကို မထင်မှတ်ဘဲ လက်တွေ့မြင်ရတော့ အတိုင်းမသိ ကြည်နူးခံစားရပါတယ်။

ဒီဇာတ်ကားဖြစ်မြောက်အောင်မြင်ဖို့ အဘက်ဘက်က အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဝမ်းသာဂုဏ်ယူရပါတယ်”ဟု ဝမ်းသာပီတိစကား အသီးသီးပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတိဇာတ်ကားကြီးကို ရိုက်ကူးရာတွင် ဒါရိုက်တာမှာ ဦးလူမင်းဖြစ်ပြီး ကော်မတီ၏ တွဲဘက်အတွင်းရေးမှူး(၂) အဖြစ်လည်းကောင်း၊ အလင်္ကာကျော်စွာပန်းချီစိုးမိုးမှ Casting ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဒါရိုက်တာဦးညီညီထွန်းလွင်က ဇာတ်ညွှန်ဖန်တီးရေး ဆပ်ကော်မတီ၏ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒါရိုက်တာဦးထွန်းအောင်ဇော်က ဇာတ်ကား ထုတ်လုပ်သူ မန်နေဂျာအဖြစ်လည်းကောင်း၊ ဒါရိုက်တာ ဦးစိုးကျော်စန်းအနေဖြင့်ဇာတ်ကား၏ Art ဒါရိုက်တာအဖြစ်လည်းကောင်း အသီးသီးတာဝန်ယူရိုက်ကူးသွားမည်ဖြစ်ပြီး ဇာတ်ကား စတင် ရိုက်ကူးရာတွင်လည်း မီဒီယာနှင့်ပြည်သူကိုအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငွေကြေးကိုပြည့် စုံစွာဆောင်ရွက်ပေးထား၍ ဇာတ်ကား၏ လိုအပ်ချက်အရ ငွေကြေးလိုအပ်ခဲ့ပါက ဆက်လက်ဖြည့် ဆည်းဆောင်ရွက်ပေးသွားရန်အသင့်ရှိကြောင်း ယနေ့ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိမီဒီယာ တွေ့ဆုံပွဲအခမ်းအနားမှ သိရသည်။

သတင်း-သန်းထိုက်၊ ဓာတ်ပုံ -သန်းစိုး