အောင်မြင်မှုအတွက် လျှို့ဝှက်ချက်ဟူသည်...

နေပြည်တော် ၁၆ ဇန်နဝါရီ

 

“အောင်မြင်မှုအတွက် လျှို့ဝှက်ချက်ဟူသည်မရှိပါ။ အောင်မြင်မှုဟူသည် စင်စစ်အားဖြင့် ပွဲမဝင်မီကြိုတင်ပြင်ဆင်မှု၊ ပြင်းပြင်းထန်ထန်ကြိုးပမ်း အားထုတ်မှုနှင့် ရှုံးနိမ့်မှုမှ သင်ခန်းစာယူနိုင်မှုတို့၏ ရလဒ်သာဖြစ်သည်” ဟူ၍ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဟောင်း ကောလင်း ပါဝဲလ်က ဆိုမိန့်ခဲ့ဖူးသည်။ ၎င်းနည်းတူပင် ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံပြိုင်ပွဲမှ မြန်မာပရိသတ်တို့၏အချစ်တော် ကမ္ဘာ့ချန်ပီယံ တစ်ဦးဖြစ်သူ အောင်လအန်ဆန်းကလည်း ၎င်း၏ပြိုင်ပွဲတိုင်းအတွက် ကြိုတင်စီမံချက် ရေးဆွဲပြင်ဆင်မှု၊ မိမိရင်ဆိုင်ရမည့် ပြိုင်ဘက်ကို ကောင်းစွာယှဉ်ပြိုင် အနိုင်ယူရန် လေ့ကျင့်မှု၊ ပြီးခဲ့သည့်ပြိုင်ပွဲများမှ အားနည်းချက်များကို သင်ခန်းစာယူကာ ပြန်လည်ပြင်ဆင်မှုတို့ ပြုလုပ်သူဖြစ်ကြောင်း တွေ့ဆုံမေးမြန်းခန်းများတွင် ဖြေကြားလေ့ရှိရာ အောင်မြင်မှု ရရှိရေးအလို့ငှာ ကြိုတင်ပြင်ဆင်နေကြရသူတိုင်းအတွက် အတုယူဖွယ်ရာများပင်ဖြစ်သည်။

 

လက်ရှိကာလသည် ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့်တက္ကသိုလ် ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသူ ကျောင်းသားများ အတွက် စာမေးပွဲ အကြိုကာလ ဖြစ်သည့်အလျောက် မိမိတို့ပညာသင်နှစ် တစ်နှစ်တာတွင် သင်ယူလေ့ကျင့်ခဲ့ပြီးဖြစ်သည့် သင်ခန်းစာတို့ကို ပြန်လည်လေ့ကျင့် ကျက်မှတ်မှုများ၊ ဆန်းစစ်မှုများ ပြုလုပ်နေကြရသည့် အချိန်အခါ ဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် မေးခွန်း ပုံစံသစ်ကို စတင်အသုံးပြုမည့် စာမေးပွဲလည်း ဖြစ်သည်။ ပြောင်းလဲမည့် မေးခွန်းပုံစံများသည် အလွတ်ကျက်မှတ်မှုကို လျော့နည်းစေကာ ဘာသာရပ်အပေါ် နားလည်သဘောပေါက်မှုနှင့် စဉ်းစားတွေးခေါ်မှုတို့အပေါ်တွင် အကဲဖြတ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ဖော်အသိ ပေးထားပြီး ဖြစ်သည်။

 

မေးခွန်းပုံစံပြောင်းလဲမှုများနှင့်ပတ်သက်ပြီး ဘာသာရပ်အလိုက် ဆောင်းပါးများ၊ နမူနာမေးခွန်းပုံစံများကို စာသင်နှစ်စ အချိန်က သတင်းစာများတွင် ဖော်ပြခဲ့ပြီး ယခုလက်ရှိ အချိန်တွင်မူ ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ရှာဖွေဖတ်ရှု လေ့လာနိုင်ကြမည် ဖြစ်သည်။ ထို့ပြင်ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှလည်း ကျောင်းသင်ခန်းစာပို့ချချက်များကို ထုတ်လွှင့်သွားမည်ဖြစ်ရာ ဂရုတစိုက် လေ့လာမှတ်သား နားထောင်ကာ မိမိတို့၏ လိုအပ်ချက်များကို ပြင်ဆင်ဖြည့်ဆည်းနိုင်ကြမည် ဖြစ်သည်။ လက်ရှိကာလသည် ကြိုတင်ပြင်ဆင်နိုင်ခွင့် ရှိသေးသည့်အလျောက် မေးခွန်းပုံစံသစ်များကို လေ့လာကာ အောင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု၊ ပြင်းပြင်းထန်ထန်လေ့ကျင့်အားထုတ်မှု၊ မိမိ၏အားနည်းချက်ကို ဖော်ထုတ် ပြီး ပြန်လည်တည့်မတ်ပြင်ဆင်နိုင်မှုတို့ကို ပြုလုပ်နိုင်ကြမည်လည်း ဖြစ်သည်။

 

အောင်မြင်မှုဟူသည် ရလဒ်တစ်ခုသာဖြစ်သည့်အလျောက် တစ်သက်တာ အောင်မြင်မှု ရရှိရန်မှာမူ မိမိကိုယ်မိမိ ကောင်းမွန် မှန်ကန်စွာ စီမံခန့်ခွဲတတ်မှု၊ စွဲစွဲမြဲမြဲဇွဲနပဲနှင့် ကြိုးပမ်းအားထုတ်နိုင်မှု၊ အရှုံးမှ သင်ခန်းစာဖော်ထုတ်နိုင်မှုတို့က လူတစ်ဦး၏ဘဝကို ပြဋ္ဌာန်းသွား လိမ့်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မိမိ၏အနာဂတ်ကို ဖန်တီး ပုံဖော်နိုင်ရန်မှာ ပစ္စုပ္ပန်သည်သာ အဓိကဖြစ်သည်ကို နှလုံးသွင်းကာ လက်ငင်းဆောင်ရွက်ရမည့် ပြုဖွယ်အလုပ်တို့ကို အပတ်တကုတ် ကြိုးပမ်းအားထုတ် လုပ်ဆောင်နိုင်ကြပါစေကြောင်း။

 

မြန်မာ့အလင်း