အီးယူ၏ အခွန်အကောက်ကြောင့် ဆန်ဈေးကွက်ကို ဆိုးရွားစွာ ထိခိုက်မှုမရှိသော်လည်း ဈေးကွက်သစ်များ ရှာဖွေရန်လိုအပ်

mdn

သတင်းဆောင်းပါး - ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး၊ ကမ္ဘာ့ဘဏ်

ဥရောပသမဂ္ဂကနေ မြန်မာဆန်တင်ပို့မှုတွေထဲက ဆန်အမျိုးအစားတစ်မျိုးဖြစ်တဲ့ ဧည့်မထအုပ်စု ဆန်လုံးရှည်တွေကို ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး အခွန်ကင်းလွတ်ခွင့် (ဂျီအက်စ်ပီ)အား သုံးနှစ်တာ ရပ်ဆိုင်းလိုက်တယ်လို့ ဇန်နဝါရီ ၁၆ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဓိကကတော့ အခြားအီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆန်ဈေးနှုန်းတွေထက် သက်သာတဲ့ဈေးနှုန်းနဲ့ တင်သွင်းနေတာ ဖြစ်လို့  နစ်နာရတဲ့အတွက် အခုလို အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုသတ်မှတ်ချက်ဟာ ဇန်နဝါရီ ၁၈ ရက် (ယမန်နေ့)မှာ စတင်သက်ရောက်တာ ဖြစ်ပါတယ်။

ဆန်တင်ပို့မှုရိုက်ခတ်မှုမပြင်းထန်နိုင် 

ဆန်လုံးရှည်တွေကို အခွန်ကောက်မှာ ဖြစ်ပေမယ့် အခြားသော သီးနှံ၊ ရေထွက်ကုန်တွေနဲ့ ဆန်ကွဲလို တင်သွင်းဖူးခဲ့တဲ့ ထုတ်ကုန်တွေအပေါ်မှာတော့ အရင် အတိုင်း ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး အခွန် ကင်းလွတ်ခွင့် ဆက်လက်ရရှိနေမှာ ဖြစ်ပါတယ်။ “အီးယူဘက်က ဧည့်မထအုပ်စုထဲက ဆန်လုံးရှည်တွေ တင်သွင်းတာကို အခွန်ကောက်ဖို့ ရှိတယ်ပေါ့။ သူတို့ ဥရောပသမဂ္ဂနိုင်ငံတွင်းက ဆန်ဈေးနဲ့ နှိုင်းယှဉ်ရင် ဒီဘက်က ဈေးနှုန်းက တော်တော်လေး သက်သာတယ်လေ။ ဒါကြောင့် အခုလို သတ်မှတ်လိုက်တာလို့ ပြောပါတယ်။ ကျွန်တော်တို့ ဆန်ဈေးကွက်ကြီး တစ်ခုလုံး အပေါ်မှာတော့ ကြီးမားတဲ့ ရိုက်ခတ်မှုလို့ မမြင်ပါဘူး။ ဒါပေမယ့် အခြားသင့်တော်တဲ့ ဈေးကွက်ကို ချဲ့ထွင်ဖို့တော့ သတိပေးလိုက်သလိုပါပဲ”လို့ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။ 

စည်းကြပ်ခွန်တွေကို အီးယူကနေ ကောက်ခံမယ့် အစီအစဉ်ကတော့ ယခုနှစ် ၂၀၁၉ မှာ ဆန်တစ်တန်ကို ယူရို ၁၇၅ ဖြစ်ပြီး ဒုတိယနှစ်မှာ ယူရို ၁၅၀၊ တတိယ နှစ်မှာ ယူရို ၁၂၅ ဆိုပြီး သုံးနှစ်ကောက်ခံသွားမယ်လို့ သိရပါတယ်။ အီးယူဟာ ဥရောပ ဆန်ထုတ်လုပ်သူတွေရဲ့ ဝေစုကို တော်တော်များများ ထိခိုက်လာခဲ့တဲ့အတွက် မြန်မာနဲ့ ကaÇmဒီးယားနိုင်ငံကနေ ဆန်တင်ပို့မှုတွေကို အခုလို ကန့်သတ်လိုက်ရတာဖြစ်ပြီး အခြားသော လူ့အခွင့်အရေး ကိစ္စရပ်များကြောင့် အရေးယူ ပိတ်ဆို့တာမျိုး မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အီးယူကို ဆန်တင်ပို့သူတွေ အတွက်တော့ အထိုက်အလျောက် အခက်အခဲရှိလာ နိုင်ပြီး တစ်တန်ကို အခုသတ်မှတ်တဲ့ စည်းကြပ်ခွန် ကောက်ခံပြီဆိုရင်တော့ တင်ပို့ဖို့ အခက်အခဲတွေရှိလာ နိုင်သလို ပြည်ပတင်ပို့တဲ့ ဆန်ဈေးနှုန်းတွေကလည်း မြင့်တက်လာနိုင်သေးတယ်လို့ ဆန်ဈေးကွက် ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

“ဈေးကွက်က အမှာရှိတယ်ဆိုရင်တော့ ဈေးနှုန်းတွေက အပြောင်းအလဲ ရှိလာနိုင်တာပေါ့။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ တင်ပို့သူတွေ ဘက်ကလည်း အီးယူဈေးကွက်ကို သဘောကျပါ တယ်။ အခွန်ကင်းလွတ်တဲ့ အတွက် နှစ်ဦးနှစ်ဖက် အများကြီးအကျိုးရှိတယ်။ အခွန်မြှင့်လိုက်မယ်ဆိုရင် ဘယ်လောက်အမှာရမလဲ ဆိုတာကိုလည်း ကြည့်ဖို့ တော့လိုပါတယ်”လို့လည်း ဆန်တင်ပို့သူတစ်ဦးက ဆိုပါတယ်။ 

ဆန်ကွဲနဲ့ ပေါင်းဆန်တွေ အခွန်ကင်းလွတ်ခွင့်ရရှိနေသေး 

အီးယူကို တင်ပို့နေတဲ့အထဲမှာ ဆန်လုံးရှည်အပြင် ဆန်ကွဲ၊ ပေါ်ဆန်းနဲ့ ပေါင်းဆန်အမျိုးအစားတွေလည်း ရှိပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့မှုတွေမှာ ၂၀၁၃ ခုနှစ်က တန်ချိန် ၁၄၂၃၇၀၁တန်၊ ၂၀၁၄ ခုနှစ်က တန်ချိန် ၁၂၆၂၆၁၇ တန်၊ ၂၀၁၅ ခုနှစ်က တန်ချိန် ၁၈၄၀၅၈၇ တန်၊ ၂၀၁၆ ခုနှစ်က တန်ချိန် ၁၄၉၃၂၄၅ တန်၊ ၂၀၁၇ ခုနှစ်က တန်ချိန် ၁၇၅၀၅၆၂ တန်နဲ့ ၂၀၁၈ ခုနှစ်မှာ တန်ချိန် ၃၅၉၀ဝ၄၁ တန်အထိ တင်ပို့ထားတဲ့အထဲမှာ အီးယူ နိုင်ငံတွေကို ဆန်တင်ပို့တဲ့ ပမာဏက နှစ်ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး တရုတ်ကိုတင်ပို့မှုက တင်ပို့မှု စုစုပေါင်းရဲ့ ထက်ဝက်နီးပါးရှိပြီး မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ တောင်ကိုရီးယား အစရှိတဲ့ နိုင်ငံအများစု တင်ပို့မှုတွေကြောင့် ထိခိုက်မှု မများဘူး လို့ ဆိုနိုင်ပါတယ်။ အီးယူကို တင်သွင်းတဲ့အခါမှာလည်း စုစုပေါင်း ပမာဏရဲ့ သုံးပုံတစ်ပုံကသာ ဆန်လုံးရှည် ဖြစ်တဲ့အတွက် အခြားဆန်ကွဲအပါအဝင် ပေါင်းဆန် တွေ တင်ပို့နိုင်သေးတဲ့အတွက် အခွင့်အလမ်းတွေ ကျန်ရှိနေတယ်လို့ သိရပါတယ်။

“သေချာတာကတော့ ကျွန်တော်တို့ဆီက တင်ပို့တဲ့အခါ အခွန်စည်းကြပ်မှုကြောင့် ဆန်လုံးရှည် တွေ ဥရောပကို ရောက်နိုင်မယ့် အခွင့်အလမ်းတော့ မရှိသလောက် နည်းသွားနိုင်တယ်။ ဒါပေမယ့် အခြား ဈေးကွက်တွေကို ဖောက်ထွက်ဖို့ လိုအပ်ပါတယ်။ အီးယူမဟုတ်တဲ့ အခြားဥရောပနိုင်ငံတွေလည်း ရှိသေးတယ်ဆိုတော့ အခွင့်အလမ်းကို ထပ်ပြီးရှာဖွေ ရဦးမှာပါ။ စားဆန်လို့ ကျွန်တော်တို့ခေါ်တဲ့ ဧည့်မထ အုပ်စုက အဓိက ကုန်သွယ်နေတာ တရုတ်နိုင်ငံကို ဖြစ်ပါတယ်။ ဈေးတွေကတော့ အီးယူစည်းကြပ်လိုက် တဲ့အတွက် သိသိသာသာ မြင့်တက်သွားတာမျိုး မရှိပါ ဘူး။ ဆန်တင်ပို့မှုကို ကြည့်တဲ့အခါ အားလုံးသိတဲ့ အတိုင်း ယမန်နှစ်က တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး အထိတင်ပို့ထားနိုင်တယ်။ နိုင်ငံတော်အတွက်လည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် ရှာပေးနိုင်ခဲ့ တယ်။ ဒီနှစ်က ဒေါ်လာဈေးကလည်း မြင့်တယ်။ ပတ်ဝန်းကျင်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်တို့ ထိုင်းတို့ မှာလည်း ဆန်ဈေးက အကျဘက်မှာ ရှိနေတယ်။ အများကြီး တက်မလာပါဘူး။ ပြည်တွင်းက အဲဒီလို ဈေးနဲ့ ယှဉ်ပြီး ရောင်းနိုင်ဖို့အတွက် အခက်အခဲတွေ ရှိတယ်။ ဒါကြောင့် မူလကတည်းက ဆန်တင်ပို့မှုက ဒီနှစ်မှာ မနှစ်က ကာလတူကို မမီနိုင်ပါဘူး။ တစ်လ တစ်လမှာ တင်ပို့တဲ့ အနေအထားကလည်း တန်ချိန် နှစ်သိန်းအောက်ပဲ ရှိနေတာဆိုတော့ တင်ပို့သူတွေ ကလည်း ချိန်ဆထားပြီးသားမို့ အထိအခိုက် နည်း တယ်လို့ ဆိုနိုင်သလို စိုက်ပျိုးသူတွေဘက်ကနေ ကြည့်ရင်လည်း ဈေးကွက်ဝယ်လိုအား လျော့ကျ တာကို ကြိုတင်ပြင်ဆင် စိုက်ပျိုးထားတယ်လို့ ယူဆရ ပါတယ်။ ဒါပေမယ့် တင်ပို့မှုအနေနဲ့ လျော့ကျသွားနိုင်တဲ့ အတွက် တန်ချိန် နှစ်သန်းကနေ နှစ်သန်းခွဲအကြား တောင်တင်ပို့နိုင်ဖို့ ခက်ခဲလာနိုင်တယ်”လို့ ဆန်စပါး တင်ပို့ရောင်းချသူ ဦးစိန်မောင်ကလည်း သုံးသပ်ပြပါတယ်။ 

ဂျီအက်စ်ပီဆိုတာဘာလဲ 

အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ် (Generalized System of PreferencesGSP) ဆိုတာ ဖွံ့ ဖြိုးဆဲနိုင်ငံတွေရဲ့ သတ်မှတ်အရည် အချင်းနဲ့ညီတဲ့ ပို့ကုန်ပစ္စည်းတွေကို ဖွံ့ဖြိုးပြီး နိုင်ငံ တွေရဲ့ဈေးကွက်မှာ အလွယ်တကူဝင်လာနိုင်ဖို့ အစီအစဉ်ဖြစ်ပါတယ်။ ဒါကတော့ ဖွံ့ ဖြိုးဆဲနိုင်ငံတွေအပေါ် ဖွံ့ ဖြိုးပြီး နိုင်ငံတွေက ပုံမှန်ကောက်နေကျ အခွန်နှုန်း တွေလျှော့ချတာ၊ ကင်းလွတ်တာတွေပေးတဲ့ စနစ် ဖြစ်ပါတယ်။ အခွင့်အရေးပေးတဲ့ နိုင်ငံ ၃၉ နိုင်ငံရှိပြီး တစ်နိုင်ငံချင်းက သီးခြားအစီအစဉ်တွေနဲ့ ရှိသလို အီးယူအဖွဲ့ဝင် နိုင်ငံတွေကတော့ အစီအစဉ်တွေကို အညီအညွတ်ချမှတ်ပါတယ်။ ဩစတြေးလျ၊ ဘီလာရုစ်၊ ကနေဒါ၊ အိုက်စ်လန်၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ရုရှား၊ ဆွစ်ဇာလန်၊ တူရကီ၊ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ(အီးယူ) နိုင်ငံတွေပဲ ဖြစ်တာကြောင့် မြန်မာ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကျန်ရှိတဲ့နိုင်ငံတွေကို ချိတ်ဆက်တင်ပို့နိုင်ဖို့ ပိုပြီးဈေးကွက်ရှာဖွေသင့်တယ် လို့ စီးပွားရေးကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ 

သို့သော်လည်း ဂျီအက်စ်ပီအစီအစဉ်ဆိုတာ တစ်ဖက်သတ် အခွင့်အရေးပေးတဲ့ စနစ်ဖြစ်တဲ့ အတွက် တင်ပို့ခွင့်ပေးတဲ့နိုင်ငံတွေရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမှာပဲ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ အီးယူက ဂျီအက်စ်ပီစနစ်ကို မြန်မာနိုင်ငံကို ပေးဖို့ငြင်းပယ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ ဂျီအက်စ်ပီကို ပြန်ပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ အီးယူရဲ့ ဂျီအက်စ်ပီ အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ Everything But Arms အစီအစဉ်ကို ပေးခဲ့ပြီး လက်နက်ခဲယမ်းမှ ကုန်စည်အားလုံးကို အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ အရေအတွက် ကန့်သတ်တာတွေကို ကင်းလွတ်ခွင့် Duty Free and Quota Free ကို ရရှိခဲ့တာပါ။ အဲဒီကတည်းက အီးယူဈေးကွက်ကို ဆန်၊ ပဲ၊ ငါး၊ ပုစွန် ၊ သစ် အချောထည်နဲ့ အဝတ်အထည်၊ လက်ခစားစနစ် စတာတွေ တင်ပို့နိုင်ခဲ့တာကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။ အီးယူဟာ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းမှာ မူလတင်ပို့တဲ့ မှတ်ပုံတင် စနစ်အစား ပို့ကုန်တင်ပို့သူများ မှတ်ပုံတင်စနစ် (Registered Exporter System- REX System)ကို ပြောင်းလဲသုံးစွဲဖို့ ထုတ်ပြန်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံဟာလည်း လိုက်ပါပြောင်းလဲပြီး ပုံစံအသစ်နဲ့ တင်ပို့နိုင်ဖို့ ကြိုးစားပြင်ဆင်နေတာ ဖြစ်ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံတွေတိုးပွားဖို့ကြိုးစား မြန်မာနိုင်ငံဟာ အမျိုးသား ပို့ကုန်မဟာဗျူဟာကို လည်းရေးဆွဲပြီး ကြိုးစားပြုပြင်လို့ ပို့ကုန်တွေကို မြှင့်တင်နေတာပါ။ အဲဒီအထဲမှာ ဆန်စပါးကဏ္ဍဟာ လည်း အရေးကြီးတဲ့ကဏ္ဍဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံးရဲ့ ထက်ဝက်ကျော် စုစုပေါင်း ပြည်တွင်း အသားတင်ထုတ်ကုန် ဂျီဒီပီရဲ့ ၁၃ ရာခိုင်နှုန်းရှိပါတယ်။ 

“ကျွန်တော်တို့ လုပ်နိုင်တာက ကိုယ့်ထုတ်လုပ်မှု စွမ်းရည်တွေ မြှင့်တာ၊ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုတွေ ကို လျှော့ချပြီး ဈေးကွက်တွေ ပိုရအောင် ကြိုးစားကြဖို့ ကတော့ ရေရှည်ရည်မှန်းချက်ထားပြီး လုပ်ကြရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်း တိုင်းပြည်တွေကိုပဲ အားကိုး လို့ မရနိုင်သလို ကုန်သွယ်မှု မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်းတွေကိုလည်း တိတိကျကျ လိုက်နာကြဖို့ တော့ လိုအပ်ပါတယ်။ တင်ပို့တဲ့နေရာမှာလည်း အပျက် အစီး အနည်းဆုံးနဲ့ ထိခိုက်မှု၊ ဈေးနှိမ်တာမျိုး မဖြစ် အောင်လည်း ဝိုင်းဝန်းကာကွယ်ကြဖို့ လိုပါတယ်။ ဒီလိုသာဆိုရင်တော့ အီးယူရဲ့ အခွန်အခ ကောက်ခံတဲ့ အတွက် ဈေးကွက်ဝေစု အားနည်းသွားတဲ့အပေါ်မှာ အတော်လေး ခုသာခံသာ ရှိမယ်လို့ ထင်ပါတယ်” လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဦးနေလင်းဇင်က ပြောပါတယ်။ 

အီတလီနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ တောင်းဆိုချက် တစ်ရပ်ဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယားတို့က ဆန်တင်ပို့ တာတွေ များပြားလာတဲ့အတွက် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်တဲ့ အီးယူနိုင်ငံတွေရဲ့ ဈေးကွက်ဝေစု လျော့နည်းလာခဲ့တာကြောင့်ဆိုတဲ့ တောင်းဆိုချက်ကို ဥရောပနိုင်ငံများဖြစ်တဲ့ ဟန်ဂေရီ၊ ဂရိ၊ ဘူလ်ဂေးရီးယား၊ စပိန်၊ ပြင်သစ်၊ ပေါ်တူကီ၊ ရိုမေးနီးယားတို့က ထောက်ခံခဲ့ကြ တဲ့အတွက် အခုလိုအခွန်စည်းကြပ်လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆန်စပါးကုန်သည်တွေဟာ အာရှဒေသရဲ့ ဆန်တင်ပို့မှုကို လေ့လာနေကြတာကိုလည်း မြင်တွေ့ရပြီး အာရှကုန်းတွင်းပိုင်းနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေဆီ ဈေးကွက်ဖြန့်ကြက်နေတာကိုလည်း တွေ့ရ ပါတယ်။ အာဆီယံနိုင်ငံတွေအပြင် ဂျပန်၊ တရုတ် (တိုင်ပေ) လို အရှေ့အာရှနိုင်ငံတွေ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ သီရိလင်္ကာနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ကူဝိတ်၊ ကာတာ၊ ယီမင် အစရှိတဲ့နိုင်ငံတွေနဲ့လည်း ကုန်သွယ်မှုရှိတာ ကြောင့် ဈေးကွက်ချဲ့ထွင်ဖို့တော့ အချိန်အခါကောင်း ဖြစ်နိုင်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်အချို့ကလည်း ထောက်ပြပါတယ်။
 

mdn