အခုတွေ့ဆုံမှုက မျှော်လင့်တာထက် ယုံကြည်မှုကို ပိုပြီးတည်ဆောက်နိုင်တယ်

ချင်းမိုင်  ၁၄  ဇန်နဝါရီ 

 

ရပ်တန့်နေသည့် တရားဝင်ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး NCA စာချုပ်လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် ကရင်နီ အမျိုးသား တိုးတက်ရေး (KNPP) အလွတ်သဘော တွေ့ဆုံနွေးခဲ့ကြောင်း သိရသည်။ 

 

ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူးနှင်အဖွဲ့သည် ဇန်နဝါရီ ၁၃ ရက်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့်လည်းကောင်း၊ ဇန်နဝါရီ ၁၄ ရက်နံနက်ပိုင်းတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် မွန်းလွဲပိုင်းတွင် ကရင်နီ အမျိုးသားတိုးတက်ရေး (KNPP) နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

 

22

 

KNU၊ RCSS၊ KNPP တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးများ ပြုလုပ်ရာတွင် အစိုးရကိုယ်စားလှယ်များ အဖြစ် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော်၏အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နည်းပညာအထောက်အကူပြုအဖြစ် ဦးကျော်လင်းဦးတို့ ပါဝင်ကြသည်။ 

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးမှုများကို  သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ရောက်ရှိနေသည့်  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေအား ဆက်သွယ် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။ 

 

ဦးလှမောင်ရွှေ

 

မေး။    ။ အခု NCA လက်မှတ်ရေးထိုးထားတဲ့ KNU, RCSS အပါအဝင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ KNPP တို့နဲ့ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးမှု အခြေအနေကို ပြောပြပေးပါခင်ဗျာ။

 

ဖြေ။    ။ ကျွန်တော်တို့ဇန်နဝါရီလ ၁၂ ရက်နေ့က ချင်းမိုင်ကို ရောက်တယ်။ ၁၃ ရက်နေ့မှာ KNU ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးတယ်။ ၁၄ ရက်နေ့မှာတော့ RCSS , KNPP တို့နဲ့ ဆွေးနွေးတယ်။ အလွတ်သဘောပါ။ အဓိကကတော့ NCA ရေးထိုးပြီးသားဖြစ်တဲ့ KNU နဲ့ RCSS တို့က တရားဝင်ဆွေးနွေးပွဲတွေကို ခဏရပ်ဆိုင်းထားတာရှိတော့ တရားဝင်ဆွေးနွေးပွဲတွေမှာ အမြန်ဆုံးပါဝင် လာနိုင်ဖို့အတွက် လိုအပ်တဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ လာလုပ်တာဖြစ်ပါတယ်။  နိုဝင်ဘာလ တုန်းကလည်း ကျွန်တော်တို့ ချင်းမိုင် ကိုလာခဲ့သေးတယ်။ အရင်တစ်ခေါက်ထက် အခုတစ်ခေါက်က KNU နဲ့ရော RCSS နဲ့ပါ နှစ်ဖက်စလုံးမှာ ပိုပြီးတိုးတက်မှုရှိတယ်။ သူတို့ရဲ့ ဆွေးနွေးချက်တွေကိုလည်း ကျွန်တော်တို့က ပြန်လည်ရှင်းပြနိုင်သလို အချို့ဟာတွေကိုလည်း ဆက်ဆွေး နွေးသွားဖို့ ရှိပါတယ်။ နောက်  RCSS ကိုလည်း ဒီလမကုန်ခင် နေပြည်တော်မှာ အစည်းအဝေးတစ်ခု လုပ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါကို RCSS က လက်ခံတယ်။ အစည်းအဝေး ကျင်းပမဲ့ ရက်ကို RCSS ကို ပြန်လည်အကြောင်း ပြန်ပါမယ်။ KNU ကိုလဲ တရားဝင်ဆွေးနွေးနွေးပွဲတွေမှာ အမြန်ဆုံးပါဝင်လာနိုင်ဖို့နဲ့ စတင်ညှိနှိုင်းဖို့လိုတယ်ဆိုတာ  ပြောပြီး ဒီလမကုန်ခင်မှာပဲ ရန်ကုန်မှာ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်။  ဒါကိုလဲ မူအနေနဲ့ လက်ခံပြီး ရက်ကိုတော့ ပြန်လည်ညှိရမယ် ပြောပါတယ်။ ဒါကြောင့် နှစ်ဖွဲ့ စလုံးက တိုးတက်မှုတွေရှိတယ်။ 

 

မေး။    ။ နိုဝင်ဘာတုန်းက KNU နဲ့ အလွတ်သဘော ဆွေးနွေးမှုမှာ နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာထဲ တွေ့ဖို့ ရှိတယ်လို့ ပြောခဲ့တာရော တွေ့ဆုံခဲ့သေးလား။ 

 

ဖြေ။    ။ အဲ့ဒီတုန်းက ကျွန်တော်တို့ရော KNU ရော နှစ်ဖက်လုံး အလုပ်များနေတော့ KNU ဘက်က ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဆရာတူးတူးလေး နဲ့ ဒီဇင်ဘာမှာ အလွတ်သဘော လာရောက် တွေ့ဆုံခဲ့တာရှိပါတယ်။ အခုတွေ့ဆုံမှုကတော့ မျှော်လင့်တာထက် ယုံကြည်မှုကို ပိုပြီးတည်ဆောက်နိုင်တယ်။ ပိုပြီးတော့ ဆွေးနွေးနိုင်ခဲ့တယ်။ အဲ့ဒီအတွက် ဝမ်းသာပါတယ်။ 

 

မေး။    ။ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ KNPP နဲ့ အလွတ်သဘော တွေ့ဆုံမှု ကရော ဘယ်လို အခြေအနေမျိုးရှိပါလဲ ခင်ဗျာ။

 

ဖြေ။    ။ KNPP နဲ့ က ၂၀၁၂ မတ်လမှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တယ်။ နောက် ပြည်ထောင်စု အဆင့်သဘောတူညီဖို့လည်း ရှိပါတယ်။ အဲ့ဒီနောက်ပိုင်း ပဋိပက္ခ ကြီးကြီးမားမား မရှိပေမယ့် ထိတွေမှု အနည်းအကျဉ်း ဖြစ်ခဲ့တာရှိတယ်။ ဒါကြောင့် KNPP နဲ့ ကျွန်တော်တို့ ကြားမှာ NCA လက်မှတ်ရေးထိုးဖို့ အခက်အခဲ မရှိဘူး။ ဘာအခက်အခဲပဲရှိသလဲဆိုတော့ KNPP အဖွဲ့ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဒေသန္တရဆိုင်ရာ အခက်အခဲနဲ့ ကျွန်တော်တို့ဘက်က ဝိုင်းဝန်းကူညီ ဖြေရှင်းရမယ့် အချက်အချို့ ရှိတယ်။ KNPP သည် NCA ထိုးဖို့ ရည်ရွယ်ပြီးသားဖြစ်တယ်လို့ ပြောတယ်။ အခုလည်း ထပ်ပြောပါတယ်။ လက်မှတ်ထိုးဖို့ပဲ ကျန်တယ်။ ကျန်တဲ့ အချက်တွေကိုတော့ သဘောတူညှိနှိုင်းဖို့ပဲ ရှိတယ်။ ဒါကြောင့် ဒီတစ်ခေါက် အလွတ်သဘော တွေ့ဆုံမှုက အောင်မြင်တယ်လို့ သက်မှတ်ပါတယ်။

 

နောက်တစ်ခုက ကျွန်တော်တို့အနေနဲ့ ဒီနှစ်ထဲမှာ ညီလာခံကို အနည်းဆုံး နှစ်ကြိမ်ကျင်းပနိုင်ဖို့စီစဉ်နေတာကို ကျွန်တော်တို့ရဲ့ အထူးအစည်းဝေးမှာ ဆုံးဖြတ်ထားတာဖြစ်တဲ့ အတွက် အပေါင်းလက္ခဏာဆောင်နိုင်အောင် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကို ဒီလကုန်ခင်မှာ ကြိုတင်ပြင်ဆင်ညှိနှိုင်းမဲ့ အစည်းအဝေးတွေ ခေါ်ဖို့စီစဉ်နေတာရှိပါတယ်။ အဲ့ဒါအတွက်လည်း လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းရပါမယ်။

 

မေး။     ။ KNU နဲ့ RCSS တို့က တရားဝင် ဆွေးနွေးပွဲတွေ မှာပါဝင်ဖို့ ခေတ္တဆိုင်းငံ့ထားခဲ့တဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။ 

ဖြေ။    ။ ဒါကတော့ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်တွေမှာ ရေးထားတာရှိပါတယ်။ အဲ့ဒီ ကြေညာချက်တွေကို ကျွန်တော်တို့က တစ်ချက်ချင်းဆွေးနွေးတာရှိပါတယ်။ အချို့အချက်တွေကတော့ သူတို့ထင်မြင်သလို မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ရှင်းပြနိုင်တယ်။ အချို့အချက်တွေကိုတော့ သူတို့နဲ့ ကျွန်တော်တို့ ကြားထဲမှာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ အချို့အချက်တွေကတော့ သူတို့နဲ့ ကျွန်တော်တို့ချည်းပဲ သဘောတူညီလို့မရဘူး။ ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ပါ လုပ်ရမယ့် သဘောတူညီမှုရှိတဲ့ အတွက် အဲ့ဒီအရာတွေကိုပါ ဆွေးနွေးဖြစ်ပါတယ်။

 

မေး။    ။ KNU နဲ့ RCSS က NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲမှာ အခိုင်မာဆုံးနှစ်ဖွဲ့ဖြစ်နေတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်မလဲဆိုတာ ပြောပြပေးပါဦး။

 

ဖြေ။    ။ NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေက အဓိက သယ်ဆောင်လာတာဖြစ်တော့ အဲ့ဒီ ဖြစ်စဉ်အတိုင်း သွားမယ်ဆိုရင် နိုင်ငံရေးသဘောတူညီမှုတွေ ရအောင်ယူဖို့လိုတယ်။ အဲ့ဒီသဘော တူညီချက်တွေကို ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အနေနဲ့ ဆက်ပြီး အကောင်အထည်ဖော် ဖို့လိုတယ်။ ဒါတွေက NCA လမ်းညွှန်ချက်ထဲမှာ ပါတော့ ကျွန်တော်တို့ ဒီအတိုင်းပဲ ဆက်ဆောင်ရွက်ရပါမယ်။ ကျွန်တော်တို့အားလုံးရဲ့ ကြားထဲမှာ အခက်အခဲရှိတာက အဓိပ္ပာယ် လွဲတာ၊ နောက်ခုနက ပြောခဲ့တဲ့ ယုံကြည်မှုကို ပိုမိုတည်ဆောက် ဖို့လိုတာတွေကတော့ ဆက်ဆောင်ရွက်ရပါမယ်။ 

 

မေး။    ။ ၂၀၁၉ မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးနိုင်ငံတော် အစိုးရရဲ့ အစီအစဉ်ကို ပြောပြပေးနိုင်မလား။

 

ဖြေ။    ။ ၂၀၁၉ က ကျွန်တော်တို့ အစိုးရရဲ့ အစီအစဉ်မဟုတ်ဘူးလေ။ ညှိနှိုင်းပြီး သွားရမှာဖြစ်တယ်။ ကျွန်တော်တို့က ၂၀၁၉ မှာ ညီလာခံ နှစ်ကြိမ် ခေါ်နိုင်ဖို့ ကြိုးစားမယ်။ ဒါကလည်း ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒီအတွက်လည်း ယုံကြည်မှုကို တည်ဆောက်ရမယ်။ 

 

သတင်းနှင့်တွေ့ဆုံမေးမြန်း..ရဲခေါင်ညွန့်

 

22