အလှူရှင်လောင်းလှည့်ပွဲများတွင် ကနုတ်ပန်းရွှေမြင်းလှည်းများနှင့် ရုပ်စုံရွှေမြင်းလှည်းများကို အသုံးပြုမှုများ

မန္တလေး ၁၉ ဇန်နဝါရီ 

 

မန္တလေးမြို့အနီး အလှူရှင်လောင်းလှည့်ပွဲများတွင် ရွှေလှည်း၊ ငွေလှည်း၊ ပတ္တမြားလှည်းများကို ငှားရမ်းအသုံးပြုလာကြသည်။ ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် ရွှေလှည်း၊ ငွေလှည်း၊ ပတ္တမြားလှည်းများအပြင် ဘုံခုနစ်ဆင့်လှည်းကို လက်ရာမြောက်စွာဖန်တီးပြီး အလှူရှင်လောင်းလှည့်အငှားလိုက်ကြသည်။ ဘုံခုနစ်ဆင့် လှည်းမှာ လှပသည့်အတွက် ငှားရမ်းအသုံးပြုမှုများလာခဲ့သည်။ ယခုနှစ်တွင် အလှူရှင်လောင်းလှည့်ပွဲ မောင်ရင်လောင်းတင်ရာတွင် အသုံးပြုရန်အတွက် ကနုတ်ပန်း ရွှေမြင်းလှည်းနှင့် ရုပ်စုံရွှေမြင်းလှည်းများကို စိတ်ကြိုက်ဖန်တီးကာ အငှားလိုက်ရာ ငှားရမ်းသူများပြားလျက်ရှိကြောင်း သိရသည်။

 

လှပသော ကနုတ်ပန်းရွှေမြင်းလှည်းနှင့် ရုပ်စုံလှည်းဖန်တီးရာတွင် ဒေသအသီးသီးမှ နာမည်ကြီးလှည်း ပစ္စည်းများကို အော်ဒါမှာယူကာ ပေါင်းစပ်ပြုလုပ်ကြသည်။ ကနုတ်ပန်း ရွှေမြင်းလှည်းနှင့် ရုပ်စုံလှည်းမှာ ပြင်ဦးလွင်ရှိ ရထားလုံးပုံစံကို အခြေခံထားပြီး မြန်မာမှု ပန်းပုလက်ရာများဖြင့် အလှဆင်ကြသည်။ လှည်းမှာ မြင်းနှစ်ကောင်ဖြင့် မောင်းနှင်ရ အောင်ပြုလုပ်ထားပြီး လှည်းရှေ့ဘီးနှင့် လှည်းထုပ်ကို ပြင်ဦးလွင်မှ အော်ဒါမှာယူကြသည်။ ရှေ့ပိုင်းဘီးနှင့် လှည်းထုပ်ကို ငွေကျပ် လေးသိန်းပေးရသည်။ နောက်ပိုင်း လှည်းဘီးကြီးကို ပျဉ်းမနားမှ မှာယူပြီးငွေကျပ်သုံးသိန်းပေးရသည်။ ပန်းပုလက်ရာများအတွက် ငွေကျပ် ရှစ်သိန်းကျော် ကုန်ကျပြီး အခြားရွှေရောင်တင်ခြင်း၊ ကျောက်စီခြင်းများပါ ပြုလုပ်ကြရသည်။

 

ရုပ်စုံရွှေမြင်းလှည်းဖန်တီးရာတွင် လှည်းပတ်ပတ်လည်တွင် အညာဒေသ ရှင်လောင် လှည့်ပွဲဆင်နွှဲနေဟန်ကို ပန်းပုထုကာတပ်ဆင်ထားသည်။ ရှင်လောင်းလှည့်တန်း၊ ကံသာအိုးရွက်ပုံ၊ အလှူ့ဒါယကာ အလှူ့ဒါယိကာမ၊ ကွမ်းတောင်၊ ပန်းတောင်ကိုင်မှအစ အညာရှင်လောင်းလှည့်ပုံရသစုံအောင် ပန်းပုထုကာ တပ်ဆင်ထားသည်။ ကနုတ်ပန်းရွှေမြင်းလှည်းများတွင် ကနုတ်ပန်းကို ဦးစားပေးထည့်ထားပြီး မီးလုံးများပါ အလှဆင်ထားသည်။ ကနုတ်ပန်းရွှေမြင်းလှည်းနှင့် ရုပ်စုံရွှေမြင်းလှည်းပြုလုပ်ရာတွင် ငွေကျပ်သိန်း ၂၀ ကုန်ကျသည်။ လက်ရှိကာလတွင် အလှူပွဲများအတွက် ကနုတ်ပန်းရွှေမြင်းလှည်းနှင့် ရုပ်စုံလှည်းကို ပိုမိုပြုလုပ်ကာ အငှားလိုက်ကြသည်။

 

ကနုတ်ပန်းရွှေမြင်းလှည်းနှင့် ရုပ်စုံရွှေမြင်းလှည်းများ အငှားလိုက်ရာတွင် အလှူပွဲတစ်ပွဲလျှင် အနည်းဆုံးငွေကျပ် သုံးသောင်းမှ ငါးသောင်းအထိ ပေးရသည်။ ခရီးအနီးအဝေးအလိုက် ဈေးနှုန်းကွာခြားသွားသည်။ အညာဒေသ အလှူပွဲများ ပေါများလာသည့်အတွက် အလှူ့ဒါယကာ၊ အလှူ့ဒါယိကာမများအကြိုက် လှည်းများကို အဆန်းထွင်လာကြသည်။ အထူးသဖြင့် အလှူဒါယကာသားသမီးတို့မှာ အခြားရှင်လောင်း နားဖောက်သည်များနှင့် မတူတစ်မူထူးခြားအောင် ပြုလုပ်လေ့ရှိသည်။ ယခုအခါ မန္တလေးမြို့နှင့်အနီး အလှူရှင်လောင်း လှည့်ပွဲများတွင် ရုပ်စုံရွှေမြင်းလှည်းနှင့် ကနုတ်ပန်းရွှေမြင်းလှည်းများကို အသုံးပြုမှု များပြားလာကြောင်း သိရသည်။ 

 

နွေနဒီ(မြစ်ငယ်)