အမေရိကန် သတင်းစာတိုက်အချို့ ဆိုက်ဘာတိုက်ခိုက်ခံရ

ဝါရှင်တန်၁  ဇန်နဝါရီ 


အမေရိကန်ပြည်ထောင်စုရှိ လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာတိုက်သည် ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရသည့်အတွက် သတင်းစာဖြန့်ချိရေး နှောင့်နှေးကြန့်ကြာခဲ့ရပြီး ယင်းကိစ္စကို အမေရိကန်၏ အမိမြေ လုံခြုံရေးဝန်ကြီးဌာနက ဝင်ရောက် ကိုင်တွယ်ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။


လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာ၏ သတင်းအချက်အလက်နှင့် ပုံနှိပ်ရေးစနစ်သည် ပြီးခဲ့သည့်ကြာသပတေးနေ့ ညနေမှစတင်ကာ အနှောင့်အယှက် ပေးခံခဲ့ရသည်။ ထိုသို့ နှောင့်ယှက်ခံရသည့်အတွက် သတင်းစာ၌ဖော်ပြမည့် အချက်အလက်အချို့ကို ပုံနှိပ်စက်ရှိရာသို့ ပေးပို့မရဖြစ်ခဲ့သည်။ လော့စ်အိန်ဂျလိစ်တိုင်းမ်ကို အချို့ဒေသများသို့ ဖြန့်ချိရာတွင် အခက်အခဲများ ဖြစ်ခဲ့သည်။ ချီကာ ဂိုထရီဗြူးမ်သတင်းစာတိုက်နှင့် ဖလော်ရီဒါပြည်နယ်ရှိ သတင်းစာတိုက်တစ်တိုက်လည်း အလားတူ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။


ဆိုက်ဘာတိုက်ခိုက်မှုကို အမေရိကန် ပြည်ထောင်စုပြင်ပမှ လုပ်ဆောင်သည်ဟု ယူဆရကြောင်း လော့စ်အိန်ဂျလိစ် တိုင်းမ်က ရေးသားဖော်ပြခဲ့သည်။ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုတွင် မြောက်ကိုရီးယားမှ လောဇရုအုပ်စုဟုခေါ်သည့် ဟက်ကာအဖွဲ့ ပါဝင်ပတ်သက်ဖွယ်ရှိသည်ဟု အခြားသော အမေရိကန် သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ကွန်ပျူတာ၏ လုပ်ငန်းများကို ထိခိုက်ပျက်စီးစေသည့် ဆော့ဖ်ဝဲများကိုသုံးပြီး တိုက်ခိုက်သည်ဟုလည်း ဖော်ပြခဲ့သည်။ အဆိုပါ ဟက်ကာအဖွဲ့သည် ယခင်ကလည်း အလားတူဆော့ဝဲဖ်ကို အသုံးပြုကာ ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ