အမေရိကန်သို့ ဦးတည်လာတဲ့ နောက်ထပ်ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးကို တားဆီးနိုင်ပါ့မလား

ခြူးစန္ဒီနွေး

အမေရိကန်သမ္မတထရမ့်ဟာ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား တံတိုင်းတည်ဆောက်ဖို့အတွက် ရန်ပုံငွေရရှိရေး လွှတ်တော်မှာ တိုက်ပွဲဝင်နေချိန် နောက်ထပ်ရွှေ့ပြောင်းနေထိုင်သူ လူစုလူဝေးကြီးဟာ အမေရိကန်ကို ဦးတည်ပြီး ထွက်လာခဲ့ ပြန်ပါပြီ။

နောက်ထပ် လူအုပ်ကြီး
ရာနဲ့ချီတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံသားတွေဟာ မော်တော်ယာဉ်နဲ့သော်လည်းကောင်း၊ ခြေကျင်သော်လည်းကောင်း ထွက်ခွာလာခဲ့ကြပြီး အဂ¯နေ့မှာပဲ ဂွါတီမာလာနယ်စပ်မှာ လာဆုံကြတယ်လို့ သိရပါတယ်။ သမ္မတထရမ့်ဟာ နယ်စပ်မှာ တံတိုင်းတည်ဆောက် ဖို့အတွက် ရန်ပုံငွေ ရရှိရေးတောင်းဆိုမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာ ဟွန်ဒူးရပ်စ်နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးဟာ အမေရိကန်ဆီ ဦးတည်ပြီးထွက်လာခဲ့တာပါ။ အဲဒီ ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးဟာ တနင်္လာနေ့ညက ဟွန်ဒူးရပ်စ် မြောက်ပိုင်းမြို့တော် ဆန်ပီဒရို ဆူလာမြို့ကနေ ထွက်ခွာလာခဲ့ကြပါတယ်။

အခုရွှေ့ပြောင်းနေထိုင်သူ လူအုပ်အသစ်ထဲမှာ အနည်းဆုံး လူ ၈၀ဝ နဲ့ ၁၀ဝဝ ကြား ပါဝင်လိမ့်မယ်လို့ ဟွန်ဒူးရပ်စ် အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံမှာ ရှိတဲ့ လူ့အခွင့်အရေး ကော်မရှင်ကတော့ ပြောင်းရွှေ့လာတဲ့ လူအုပ်ကြီးထဲမှာ လူအနည်းဆုံး ၁၅၀ဝ နဲ့၂၀ဝဝ ကြား ရှိလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။

လွှတ်တော်မှာတိုက်ပွဲဝင်
အမေရိကန်သမ္မတ ထရမ့်ကတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်ကြား တံတိုင်းတည်ဆောက်ရေးအတွက် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ တောင်းဆိုထားပြီး လွှတ်တော်က ခွင့်မပြုခဲ့တဲ့အတွက် လွှတ်တော်နဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဇင်ဘာ၂၂ ရက်နေ့က စပြီး ဗဟိုအစိုးရရဲ့ လုပ်ငန်းစဉ်အချို့ကို ရပ်နားထားပါတယ်။

အခုလည်း နောက်ထပ်ရွှေ့ပြောင်း နေထိုင်သူတွေ အုံလိုက်ကျင်းလိုက် အမေရိကန် ကို ဦးတည်နေပြီဆိုတာကို သမ္မတထရမ့်က အင်္ဂါနေ့မှာပဲ တွစ်တာပေါ်ကနေ သတိပေးခဲ့ပါတယ်။ ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းလာသူ လူအုပ်ကြီးဟာ အမေရိကန် တောင်ပိုင်းနယ်စပ်ကို ဦးတည်နေပါပြီ။ တံတိုင်း ဒါမှမဟုတ်၊ သံဆူးကြိုးတွေနဲ့ ကာရံမှသာ နိုင်ငံအနေနဲ့ လုံခြုံမှုရရှိမယ်။ ကျေးဇူးပြုပြီး နိုင်ငံရေးကစားပွဲတွေ ရပ်တန့်ပါတော့လို့ တွစ်တာပေါ်မှာ ထရမ့်က ရေးသားခဲ့ပါတယ်။

တခြားနိုင်ငံတွေအပေါ်အပြစ်ဖို့
ပြီးခဲ့တဲ့လတွေတုန်းကလည်း ဗဟိုအမေရိကက ရွှေ့ပြောင်းလာသူ လူအုပ်ကြီးဟာ ဂွါတီမာလာနဲ့ မက္ကဆီကို ဖြတ်ကျော်ပြီးတော့ အမေရိကန်နယ်စပ်ကို ဦးတည်လာခဲ့ပါတယ်။ အခုနောက်ထပ်အုံနဲ့ ကျင်းနဲ့ ရွှေ့ပြောင်းလာတဲ့ လူအုပ်ကြီးကလည်း ယခင်အုပ်စုလိုပါပဲ။

ရွှေ့ပြောင်းလာသူ လူအုပ်ကြီးကို တားဆီး နိုင်ခြင်းမရှိတဲ့အတွက် သမ္မတထရမ့်ရဲ့ အစိုးရအဖွဲ့ ဗဟိုအမေရိက နိုင်ငံတွေ၊ မက္ကဆီကိုနိုင်ငံတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒီလို အုံနဲ့ ကျင်းနဲ့ နယ်စပ်ကို ဖြတ်ကျော်လာတဲ့အခါ တားဆီးမှု အနည်းငယ်သာလုပ်ခဲ့တယ်ဆိုပြီး အပြစ်တင်ခဲ့တာပါ။ ဒါကတော့ အရင်ရွှေ့ပြောင်းလာတဲ့ လူအုပ်ကြီးတုန်းက အပြစ်တင်ခဲ့တာ ဖြစ်ဖြစ်၊ အခု နောက်တစ်ဖန် ထပ်မံပေါ်ပေါက်လာတဲ့ အုံနဲ့ကျင်းနဲ့ ရွှေ့ပြောင်းလာသူတွေ ကိစ္စမှာတော့ ဟွန်ဒူးရပ်စ် အစိုးရဟာ ဂွါတီမာလာနဲ့ ဟွန်ဒူးရပ်စ်နယ်စပ် ကြားမှာ နိုးနိုးကြားကြား ရှိနေခဲ့ပါတယ်။

တားဆီးမှုတွေလုပ်ဆောင်
ခရီးသွား အထောက်အထား အပြည့်အစုံ မပါရှိဘဲ ဟွန်ဒူးရပ်စ်နိုင်ငံအတွင်းက ထွက်ခွာဖို့ ကြိုးစားတဲ့ လူ ၉၀ ခန့်ကိုလည်း ထိန်းသိမ်းထား နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဟွန်ဒူးရပ်စ်လုံခြုံရေး ဝန်ကြီးဂျူလီယန်ပိချ်ကိုတော့ သူတို့အနေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်တာတွေကို တားဆီးဖို့အတွက် နယ်စပ်ကို အားဖြည့်ထားတယ်။ လူတွေဟာ တကယ်လို့နိုင်ငံအတွင်းက ထွက်ခွာ မယ်ဆိုရင် တရားဝင်အထောက်အထား တွေအရပဲ ထွက်ခွာလို့ရမယ်လို့ သူက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ အလားတူပါပဲ မက္ကဆီကိုအစိုးရကလည်း သူ့ရဲ့တောင်ပိုင်းနယ်စပ်မှာ တင်းကျပ်မှုတွေ အလေးပေး လုပ်ဆောင်နေပါ တယ်။ အခုနောက်ဆုံးပေါ် ထွက်လာတဲ့ ရွှေ့ပြောင်းသွားလာသူ အုပ်စုကြီးအတွင်းမှာ အထောက် အထားမဲ့ သွားလာသူတွေပါလာရင် ဖြတ်သန်းခွင့်မပြုဘဲ တားဆီးမှုတွေ လုပ်ဆောင်သွားမှာပါ။ မက္ကဆီကို ပြည်ထဲရေးဝန်ကြီးကလည်း ဂွါတီမာလာနဲ့ မက္ကဆီကို နယ်စပ်ကြားမှာ တရားမဝင်ဘဲ ဝင်ရောက်နိုင်တဲ့ နေရာပေါင်း ၃၇၀ လောက်ရှိနေပြီး တရားမဝင် ဝင်ရောက်လာမှုတွေကို ထိန်းချုပ်ဖို့ အဲဒီနေရာတွေကို စောင့်ကြည့်မှုတွေ ပြုလုပ် သွားမယ်လို့ ပြောကြားထားပါတယ်။

လူအစုအဝေးလိုက် ရွှေ့ပြောင်းလာ
ဟွန်ဒူးရပ်စ်နိုင်ငံက လူအများစု အပါအဝင် ဗဟိုအမေရိကက လူတွေဟာ မကြာသေးခင်နှစ် အနည်းငယ်ကစပြီး ရွှေ့ပြောင်း သွားလာမှုတွေ လုပ်ဆောင်လာပါတယ်။ အကြောင်းကတော့ သူတို့ နေထိုင်ရာဒေသတွေမှာ နိုင်ငံရေးအရ မတည် မငြိမ်ဖြစ်ပြီး အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာလို့၊ နောက်တစ်ချက်ကတော့ ဆင်းရဲမွဲတေမှုတွေကို မခံစားနိုင်တော့လို့ပါပဲ။ သူတို့ထဲက အချို့ဟာ လူစုလူဝေးလိုက်ရွှေ့ပြောင်းကြတဲ့ နည်းလမ်းကို ရွေးချယ်လာကြပါတယ်။ လူတွေအုပ်စုလိုက် ရွှေ့ပြောင်းသွားလာ မယ်ဆိုရင် ပါဝင်သူတွေကို ရွှေ့ပြောင်းသွားလာတဲ့ လမ်းကြောင်းတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ဖွယ်ရှိတဲ့ အန္တရာယ်တွေကနေ တားဆီးကာကွယ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေနဲ့ အုပ်စုလိုက် ပြောင်းရွှေ့မှုတွေကို လုပ်ဆောင်လာကြတယ်။ အုပ်စုလိုက် ရွှေ့ပြောင်းမယ်ဆိုရင် လမ်းကြောင်းတစ်လျှောက် ရိုက်နှက်လုယူခံရတာတွေ၊ ငွေညှစ်ခံရတာတွေ၊ အဓမ္မကျင့်ခံရတာတွေ ကနေ ကင်းဝေးမှာလည်း ဖြစ်တယ်။

လူတွေသတိထားမိလာ
မနှစ်က မတိုင်ခင်အထိတော့ ဒီလို လူစုလူဝေးလိုက် ရွှေ့ပြောင်းမှုတွေကို ကမ္ဘာက သိပ်ပြီးတော့ အာရုံမစိုက်သေးပါဘူး။ ပြီးခဲ့တဲ့ နွေဦးမှာ မက္ကဆီကိုတောင်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ အုံနဲ့ ကျင်းနဲ့ ရွှေ့ပြောင်းမှုတစ်ခုကစပြီး သမ္မတထရမ့်ဟာ ဒီကိစ္စကို အာရုံစိုက်လာပါတယ်။ ပြီးတော့ ဒီလိုရွှေ့ပြောင်းသွားလာမှုဟာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုဖြစ်လာ စေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ ဟွန်ဒူးရပ်စ်ကနေလူ တွေအုပ်စုဖွဲ့ပြီး ရွှေ့ပြောင်း လာမှုတွေ လုပ်လာတဲ့အခါမှာတော့ သမ္မတထရမ့်ကို အမျက်ဒေါသထွက်စေပြီး အပြည်ပြည်ဆိုင်ရာက သတင်းမီဒီယာ တွေလည်း ဒီကိစ္စအပေါ်မှာ အတော်လေး သတိထားမိလာပါတယ်။

ဆုံးဖြတ်ချက်အမျိုးမျိုး
အဲဒီနောက် တခြားအုပ်စုကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းလောက်မှာ ထပ်မံပြီး ရွှေ့ပြောင်းလာမှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။ အဲဒီအုပ်စုမှာတော့ ရွှေ့ပြောင်းနေထိုင်သူ ၆၀ဝဝ ခန့် ပါဝင်ပါတယ်။ အဲဒီလူတွေ အားလုံးက ဗဟိုအမေရိကနိုင်ငံတွေ ချည်းက ပါပဲ။ ကမ္ဘာ့သတင်းမီဒီယာတွေမှာလည်း လူတွေအုပ်စုလိုက်ဖွဲ့ပြီး ရွှေ့ပြောင်းလာတဲ့ သတင်းတွေကို အကျယ်တဝင့် ဖော်ပြလာကြပါတယ်။ ဒီ ရွှေ့ပြောင်းသွားလာသူတွေထဲက လူတွေရာနဲ့ချီပြီး အမေရိကန်မှာ ခိုလှုံသူအဖြစ် နေခွင့်ရရေး လျှောက်ထားကြတာ ရှိသလို တချို့လူတွေကလည်း နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဖို့ ဆုံးဖြတ်ကြပြန်ပါတယ်။ သူတို့ထဲက အချို့ဟာလည်း မက္ကဆီကို မှာ ဆက်လက်ကျန်ရှိနေဖို့ ဆုံးဖြတ်ကြတာမျိုး လည်း ရှိပါတယ်။ မက္ကဆီကိုအစိုးရက လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ ဗီဇာနဲ့ အလုပ်ကို လုပ်ခွင့်ရရှိမယ် ဆိုတာမျိုးကို စဉ်းစားလာကြပါတယ်။ အမေရိကန် ပြည်ထောင်စုအတွင်း ခိုးဝင်ဖို့ ကြိုးစားရာမှာ မအောင်မြင်တဲ့အတွက် စိတ်ပျက်လာကြတဲ့ လူတွေလည်း ရှိပါတယ်။

ဒီလူတွေကတော့ နေရပ်ပြန်ပို့ ပေးဖို့ကိုပဲ သူတို့ရဲ့ သဘောဆန္ဒအလျောက် တောင်းခံလာတာမျိုးတွေလည်း ရှိပါတယ်။

စိတ်မပျက်ကြသေး
ဒါပေမယ့်လည်း လူတွေဟာ စိတ်ပျက်မသွားကြသေးပါဘူး။ နောက်ထပ်ရွှေ့ပြောင်း လာတာတွေပေါ်ထွက်လာတုန်းပါပဲ။ ထရမ့်ရဲ့ ခြိမ်းခြောက်မှုက သူတို့ကို စိတ်မပျက် စေသေးပါဘူး။ တံတိုင်းကြီး ဆောက်လိုက်ရင်တောင်မှပဲ ကျွန်တော်တို့ကို စိတ်ပျက်သွားအောင် လုပ်လို့ မရပါဘူးလို့ ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းသွားလာသူထဲက တစ်ဦးဖြစ်တဲ့ အသက် ၁၇ နှစ် အရွယ် ဂျူနီယာအလီမန်းက ပြောပါတယ်။

ဂျူနီယာဟာ အခု အသစ်ပြောင်းရွှေ့ လာတဲ့ လူအုပ်ထဲက တစ်ယောက်ပါ။ သူ့ရဲ့ စိတ်ကူးကတော့ အမေရိကန်ထဲကို တရားမဝင် ဝင်မယ်၊ ပြီးတော့ ဗာဂျီးနီးယားကို ဆက်သွားမယ်၊ ဗာဂျီးနီးယားမှာ သူ့အဒေါ်နှစ်ယောက် ရှိတယ်။ အဲဒီမှာပဲ အလုပ်ရှာဖို့ စီစဉ်ထားပါတယ်။

သူ့ရဲ့ပြောစကားကတော့ ဟွန်ဒူးရပ်စ်မှာဆိုရင် အရာရာဟာ ခက်ခဲပါတယ်။ အလုပ်လည်း မရှိပါဘူး။ ကျွန်တော်ကတော့ မိသားစုကိုပြန်ပြီး ထောက်ပံ့ပေးချင်ပါတယ် ဆိုတာပါပဲ။   ။
ကိုးကား - နယူးယောက်တိုင်းမ်