အင်ဒိုနီးရှားပျက်ကျ လေယာဉ်၏ အသံဖမ်းစက် ရှာဖွေတွေ့ရှိ

ဂျကာတာ ၁၄ ဇန်နဝါရီ

 

အင်ဒိုနီးရှားတွင် ပြီးခဲ့သည့်နှစ်က နိုင်ငံ၏ကမ်းရိုးတန်းဒေသ၌ ပျက်ကျခဲ့သော Lion Air Plane လေယာဉ်၏ လေယာဉ်မှူးအခန်းမှ အသံဖမ်းစက်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သည်။အဆိုပါတွေ့ရှိသည့် အသံမှတ်တမ်းများက လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို ရှာဖွေရာတွင် အကူအညီဖြစ်စေမည်ဟုလည်း ဆိုထားသည်။

 

Lion Air Flight 610 လေယာဉ်သည် ပြီးခဲ့သည့် အောက်တိုဘာလက အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှ ထွက်ခွာပြီး ခဏပိုင်းအတွင်း ဂျာဗားပင်လယ်ပြင်အတွင်းသို့ ထိုးစိုက်ကျသွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါလာသည့် လူပေါင်း ၁၈၉ ဦးစလုံး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

တနင်္လာနေ့က အသံဖမ်းစက်ကို ရုပ်အလောင်းအကြွင်းအကျန်များနှင့်အတူ ပင်လယ်ကြမ်းပြင်၌ တွေ့ရှိကြောင်း ရေတပ်မှ သတင်းစကားပေးပို့လာသည်ဟု သယ်ယူပို့ဆောင်ရေး ဘေးကင်းရေး ကော်မတီ ဒုတိယအကြီးအကဲ ဟာယို ဆက်မိကို က အတည်ပြုပြောကြားသည်။အချက်အလက်များကို စိစစ်ရန်အတွက် အချိန် နှစ်လ သို့မဟုတ် သုံးလကြာမြင့်မည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

 

ယခုတွေ့ရှိခဲ့သော အသံဖမ်းစက်အစိတ်အပိုင်းမှာ ပျက်စီးနေသော်လည်း အဓိကအချက်အလက်ပါဝင်သော အပိုင်းမှာ ကျန်ရှိနေသေးကြောင်း၊ ဂရုတစိုက် စစ်ဆေးရမည်ဖြစ်ကြောင်း မစ္စတာ ဟာယိုက ဖြည့်စွက်ပြောကြားသည်။

 

ပျက်ကျခဲ့သည့် လေယာဉ်မှာ Boeing 737 Max 8 အမျိုးအစားဖြစ်ပြီး ပျံသန်းမှုမှတ်တမ်းများပါဝင်သည့် လေယာဉ်၏ Black box ကို နိုဝင်ဘာလအစောပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။

 

MDN