ဗီယက်နမ်နိုင်ငံ တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ၂၇ ဦးသေ၊ ၇ဦး ပျောက်ဆုံး

၂၄ ဇူလိုင်

ဗီယက်နမ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့်  ရေကြီး၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ ၂၇ ဦးသေဆုံး၊ ၇ဦး ပျောက်ဆုံး ပြီး ၂၆ဦး ဒဏ်ရာရရှိကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေး ဗဟိုကော်မတီက အင်္ဂါနေ့မနက်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါသေဆုံးသူ ၂၇ ဦး အနက်  ၁၃ ဦးမှာ မြောက်ပိုင်းဒေသရှိ ယမ်ဘေပြည်နယ်၊ ခြောက်ဦးမှာ  မြောက်ပိုင်းဒေသရှိ ဆွန်လပြည်နယ်၊ သုံးဦးမှာ မြောက်ပိုင်းဒေသရှိ ဖူသို ပြည်နယ်၊ အလယ်ပိုင်းဒေသရှိ သန်ဟိုရာ ပြည်နယ်အသီးသီးမှဖြစ်ကြပြီး  တစ်ဦးမှာ မြောက်ပိုင်းဒေသရှိ လာအို ကာ  နှင့်  ဟွာဘင် ပြည်နယ် အသီးသီးတို့မှ ဖြစ်ကြကြောင်း ၊ပျောက်ဆုံးနေသူ၇ဦးတွင်  ယမ်ဘေ မှ လေးဦး၊ သန်ဟိုရာမှ နှစ်ဦး၊ ဖူသိုမှ တစ်ဦး တို့ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူအများစုမှာ ယမ်ဘေမှ ဖြစ်ကြောင်း သိရသည်။

အဆိုပါ  မုန်တိုင်းကြောင့်  ၎င်းဒေသများတွင် အိမ်ခြေ ၂၄၃ လုံး ပျက်စီးခဲ့ပြီး အိမ်ခြေ  ၆၉၀ဝ ကျော် ရေလွှမ်းမိုးခဲ့ကြောင်း၊ ကျွဲနွားတိရိစ္ဆာန်  ၆၅၀ဝ၊ ကြက်ဘဲအကောင်ရေ  ၁၁၅၀ဝ၀ သေဆုံးခဲ့ကြောင်း၊ ငါးပုဇွန် ကန်ပေါင်း ၆၅၀ဝ ဟက်တာ ပျက်စီးခဲ့ပြီးစပါး ၈၁၀ဝ၀ ဟက်တာ ရေလွှမ်းသွားကြောင်း  ယင်းကော်မတီ ကဆိုသည်။

ကြိုတင်ခန့်မှန်းချက်အရ အပူပိုင်းဒေသ လေဖိအားနဲရပ်ဝန်းကြောင့် မြောက်ပိုင်းဒေသများ ဖြစ်သော လန်ဆွန်၊ ကွမ်းနမ်၊ဟိုင်းဖောင်၊ ကာအိုဘန်၊ ဟာဂျိုင်၊ လာအိုကာ၊ ယမ်ဘေ နှင့် လိုင်ချု တို့တွင် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များ၌ မိုးသက်မုန်တိုင်းကျရောက်နိုင်ကြောင်း ဗီယက်နမ်အမျိုးသားဗဟိုက သတင်းထုတ်ပြန်ထားပြီး  မြောက်ပိုင်းတောတောင်ထူထပ်သော ပြည်နယ်များတွင် ရေကြီး မြေပြိုမှုများ  ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ 

ဘာသာပြန် မြင့်မြင့်ချို