စာသင်ကျောင်းနှင့်ဆေးရုံဆေးပေးခန်းများ တည်ဆောက်ရာတွင် မသန်စွမ်းသူများ ဝင်ထွက်သွားလာနိုင်ရေး ထည့်သွင်းဆောက်လုပ်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်

မကွေး  ၈  ဇန်နဝါရီ 

၂၀၁၉ ခုနှစ်မှစ၍ မကွေးတိုင်းဒေသကြီးအတွင်း၌ စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်းများ တည်ဆောက်ရာတွင် မသန်စွမ်းသူများ ဝင်ထွက်သွားလာနိုင်ရေး အစီအစဉ်ကို ထည့်သွင်းဆောက်လုပ်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးထံမှ သိရသည်။

ဇန်နဝါရီလ ၇  ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် စေတုတ္တရာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)က ဒေါ်ညိုညိုဦး၏ မကွေးတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီအနေဖြင့် လက်ရှိလုပ်ငန်းစဉ်များ မည်သို့လုပ်ဆောင်နေသည်၊ ရှေ့လုပ်ငန်းစဉ်များအား မည်သို့ချမှတ် လုပ်ဆောင်သွားမည်ကို သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ မော်တော်ယာဉ် မော်တော်ကားတွေမှာ မသန်စွမ်းတွေ စီးနင်းလိုက်ပါနိုင်အောင် အင်ဂျင်နီယာတွေနဲ့ ချမှတ်ရေးဆွဲနေပါတယ်။ မကွေးတိုင်းဒေသကြီးမှာလည်း စာသင်ကျောင်းတွေ ဆေးရုံဆေးပေးခန်းတွေကို  ဝင်ထွက်သွားလာနိုင်အောင်  ယခုနှစ် တည်ဆောက်မယ့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းတွေမှာ ပါဝင်ထည့်သွင်းနိုင်အောင် တင်ဒါရရှိတဲ့ ကုမ္ပဏီတွေကို ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာပါ” ဟု  ဒေါက်တာခင်မောင်အေး က ပြောဆိုခဲ့သည်။

မသန်စွမ်းသူများအရေးကိစ္စနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန တစ်ခုတည်း ဆောက်ရွက်၍ ရတာမဟုတ်ကြောင်း မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး ကဏ္ဍများမှလည်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများနှင့် နေပြည်တော်တွင် မသန်စွမ်းသူများအရေး စဉ်ဆက်မပြတ် ဆက်လက်ပြီး မဟာဗျူဟာ နည်းဗျူဟာများနှင့် ဆွေးနွေးဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။


မကွေးတိုင်းဒေသကြီးတွင် ကိုယ်အင်္ဂါမသန်စွမ်းသူ  ၆၈၉၄ ဦး၊ လုံးဝမျက်စိမမြင်သူ ၁၄၄၇ဦး၊ လုံးဝနားမကြားသူ ၂၄၂၃ ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ ၂၆၄၃ ဦး စုစုပေါင်း မသန်းစွမ်းသူ ၁၃၄၀၇ ဦးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ဇေယျတု (မကွေး)