စားသုံးသူတွေ အကာအကွယ်ရနိုင်ပြီလား

တက္ကသိုလ်ဇော်ထူးဦး

စားသုံးသူအခွင့်အရေး ဖောက်ဖျက်မှုများ
မြန်မာနိုင်ငံတွင် ကူးစက်တတ်သော ရောဂါများထက် မကူးစက်နိုင်သောရောဂါများက ပိုမိုဖြစ်ပွားလာနေသည်ကို တွေ့ရ၏။ အစားအသောက်၊ နေထိုင်မှုပုံစံ၊ အမူအကျင့်တွေကြောင့် ဖြစ်၏။ ယင်းသည် အစားအသောက်နှင့် ဆေးဝါးများ ထုတ်လုပ်မှုနှင့် ရောင်းချမှု ဈေးကွက်ကြောင့် ဖြစ်ရသည်ဟုဆိုရမည်။ ဈေးကွက်နှင့် ဝယ်လိုအား တောင်းဆိုမှုများကြောင့် အရည်အသွေး ပျက်ယွင်းပြီး စံချိန်မမီသော အစားအသောက်နှင့် ဆေးဝါးများသည် စားသုံးသူတို့၏အခွင့် အရေးကို ဖောက်ဖျက်လျက်ရှိသည်။ အဆိုပါ စားသုံးသူအခွင့်အရေး ဖောက်ဖျက်မှုများကို အစားအသောက်နှင့် ဆေးဝါးများသာမက အကျိုးဆောင်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင်ပါ တွေ့မြင်နေရသည်။

စားသုံးသူဆိုသည်မှာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုအတွက် မဟုတ်ဘဲ စားသောက်ခြင်း (သို့မဟုတ်) သုံးစွဲ ခြင်းပြုသူကို ဆိုလို၏။ စားသုံးသူများသည် ဈေးကွက်အတွင်း ရောင်းချသော ကုန်စည်များကို မိမိတို့၏ အသက်ရှင်နေထိုင်ရေးနှင့် ကျန်းမာရေး အတွက် ဝယ်ယူစားသုံးကြ၏။ အဆိုပါ ရောင်းကုန်ပစ္စည်းတို့သည် စားသုံးသူတို့၏ ကျန်းမာရေးနှင့် အသက်အ္တရာယ်ကို ထိခိုက်စေသည်ဆိုပါက ထုတ်လုပ်ရောင်းချသူများသည် အလွန် သစ္စာမဲ့သူများပင် ဖြစ်သည်။

စားသုံးသူများပြောသော ပြဿနာများ
စားသုံးသူများက ပြောလာသော စားသုံးသူဆိုင်ရာ ပြဿနာများကို လေ့လာချက်များအရ ပြဿနာအများစုတို့မှာ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာများ ဖြစ်နေ၏။ အများစုမှာ သန့်ရှင်းမှုမရှိခြင်း၊ မလတ်ဆတ်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်ခြင်းစသည့် ပြဿနာဖြစ်နေ၏။ ဓာတုဗေဒပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ ဆိုးဆေးများ အသုံးပြုခြင်း၊ သက်တမ်းလွန် အစား အသောက်နှင့် ဆေးဝါးများကို ရောင်းချခြင်း၊ ဈေးသက်သာပြီး အရည်အသွေးညံ့သော မုန့်နှင့် ဆေးဝါးများ၊ စံမမီ မသန့်ရှင်းသော သောက်ရေသန့်များ၊ အရည်အသွေးနိမ့် စားသုံးဆီများ၊ ရောနှောဆီများ၊ ပြန်သုံးဆီများမှာ စားသုံးသူများ အများဆုံး ပြောပြကြသည့် အရည်အသွေး ပျက်ယွင်းမှု၊ စံချိန်မမီမှုများ ဖြစ်သည်။

မျက်မှောက်ကာလတွင် ပဲပင်ပေါက်ဖောက်ရာ၌ လျင်မြန်စွာပေါက်စေရန် ဓာတုဗေဒဆေး များသုံးစွဲခြင်း၊ ကန်စွန်းရွက်များ လတ်ဆတ်စေရန် နိုက်ထရိုဂျင်အရည်ဆွတ်ထားသော အဝတ်များဖြင့် အုပ်ထားခြင်း၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ ဖရဲသီး စသည့် အသီးအနှံများကို မှည့်ဝင်းစေရန် ဓာတုဗေဒပစ္စည်းများသုံးခြင်း၊ မျှစ်၊ တို့ဟူး၊ မုန့်ဟင်းခါးဖတ်နှင့် ခေါက်ဆွဲဖတ် စသည်တို့တွင် ဆိုးဆေးများ၊ ဖော်မလင်များကို အသုံးပြုခြင်း၊ ငရုတ်သီး သိုလှောင်သိမ်းဆည်း ရာတွင် အလေးချိန်တိုးစေရန် ရေ သို့မဟုတ် ဆားရည်ပက်ဖျန်းခြင်း၊ သန့်ချောပြီးသော ဆန်များကို ပိုးမတက်စေရန် ပိုးသတ်ဆေးသုံးခြင်း၊ စားသုံးဆီ၊ ငရုတ်ဆီ၊ ချက်နို့ဆီတို့တွင်သာမက နို့မှုန့်၊ မုန့်ပဲသွားရည်စာများနှင့် ကော်ဖီမှုန့်များတွင် ဆိုးဆေးနှင့် ဓာတုဆေးများသုံးခြင်းတို့ကို တွေ့နေရ၏။ ထို့အပြင် စားသောက်ကုန် အတုအပများကိုလည်း တွေ့ရပြန်၏။ ကြက်ဥအတု၊ ဆန်အတု၊ ဆေးဝါးအတု၊ အရက်အတု စသည်တို့ ဖြစ်ကြသည်။

အစားအသောက်နှင့်ပတ်သက်ပြီး ဝန်ဆောင်မှု၌ မကျေနပ်မှုအများစုမှာ အစားအသောက်များ ပြင်ဆင်ပြုလုပ်ရောင်းချရာတွင် ပတ်ဝန်း ကျင်သည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိခြင်း၊ မသန့်ရှင်းခြင်း၊ စားသုံးသူထံမှ ကုန်သွယ်ခွန်ယူသော်လည်း အခွန်တံဆိပ်ခေါင်း မကပ်ပေးခြင်း၊ အစားအသောက်များမှာယူရာတွင် ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ မှာယူသော အစားအသောက်ကို လွဲမှားစွာချပေးခြင်း၊ အစားအသောက်များကို ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားခြင်း၊ အစားအသောက် တွင် အရည်အသွေးနိမ့် ဈေးပေါသော ပစ္စည်းများ ထည့်သွင်းထားခြင်း စသည့်အချက်များကို တွေ့ရ၏။

ထို့အပြင် အချို့သော စားသောက်ဆိုင်နှင့် မုန့်ဈေးတန်းများတွင် အိမ်မွေးတိရစ္ဆာန်များ ရှိနေခြင်း၊ အမှိုက်ပုံးအနီးတွင် ရောင်းချခြင်း၊ အဖုံးပွင့်နေသော မသန့်ရှင်းသော သောက်ရေသန့်ဘူးများကို အသုံးပြုခြင်း စသည်တို့လည်း ပါဝင်သည်။

စားသုံးသူအား ထိခိုက်နစ်နာစေမှုများ
အရည်အသွေးနိမ့် စံချိန်မမီသော ထုတ်ကုန်များ၊ ဘေးအ္တရာယ် မကင်းရှင်းသော အစားအသောက်များနှင့် စံနှုန်းမမီသော ဝန်ဆောင်မှု များကြောင့် စားသုံးသူများကိုသာမက မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်ကိုပါ ထိခိုက်နေ၏။ ထို့အပြင် မိမိကိုယ့်ကျိုးအတွက်သာကြည့်သော အတ္တကြီးသည့် စီးပွားရေးသမားတို့၏ ခေါင်းပုံ ဖြတ် အကျိုးအမြတ်ရှာနေမှုများကြောင့် အသိ ပညာ ဗဟုသုတနည်းသော စားသုံးသူများအား မလိုလားအပ်သော ထိခိုက်နစ်နာမှုများ ဖြစ်စေ လျက်ရှိသည်။

နိုင်ငံတကာစားသုံးသူများအဖွဲ့ (Consumers International-CI) စားသုံးသူ ရပိုင်ခွင့် အခွင့်အရေး (၈)ချက်ကို ဖော်ပြထားသည်။ ယင်းတို့မှာ
၁။ အခြေခံလိုအပ်ချက်များအား ပြည့်စုံစွာ ခံစားပိုင်ခွင့်
၂။ ဘေးအ္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲပိုင်ခွင့်
၃။ သတင်းအချက်အလက်များကို ပြည့်စုံစွာ သိရှိခံစားပိုင်ခွင့်
၄။ ရွေးချယ်ပိုင်ခွင့်
၅။ ထုတ်ကုန်/ဝန်ဆောင်မှုများ သုံးစွဲမှုနှင့်ပတ်သက်၍ မကျေနပ်မှုများကို အရေးဆို ပြောကြားနိုင်ခွင့်
၆။ အလျော်အစား ပြန်လည်ရပိုင်ခွင့်
၇။ စားသုံးသူဆိုင်ရာအသိပညာ ရပိုင်ခွင့်
၈။ သန့်ရှင်းကျန်းမာသော ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ခွင့်
စသည်တို့ဖြစ်ကာ စားသုံးသူများသည် ထိုအချက်များကို ရပိုင်ခွင့်ရှိကြရမည်ဖြစ်သည်။

အစားအသောက်၊ ဆေးဝါး၊ သောက်ရေ၊ သုံးရေ၊ ရေထုနှင့် လေထုကို သုံးစွဲရပ်တည်ခြင်း၊ တည်းခိုခြင်း၊ နေထိုင်ခြင်း၊ ခရီးသွားခြင်း၊ မော် တော်ယာဉ်နှင့် အခြားသောယာဉ်များ အသုံးပြုခြင်း၊ ကုန်ပစ္စည်းများသုံးစွဲခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်း၊ ကုသမှုခံယူခြင်း၊ အာမခံထားခြင်းအမျိုးမျိုး စသော ဝန်ဆောင်မှုများကို အသုံးပြုခြင်းနှင့်ဆိုင်သော လူထုအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မြှင့်တင်ပေးရန် အကောင်အထည်ဖော်ပေးခြင်းသည် စားသုံးသူ အကာအကွယ် ပေးရေး ဖြစ်သည်။

မြန်မာနိုင်ငံမှ စားသုံးသူအကာအကွယ်ပေးရေး
မြန်မာနိုင်ငံ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက် နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀)ဖြင့် ပြဋ္ဌာန်းခဲ့၏။ အဆိုပါဥပဒေကို ဖြည့်စွက်မွမ်းမံထားသည့် စားသုံးသူကာကွယ်ရေး ဥပဒေကြမ်း သစ်တစ်ရပ်ကို ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် တင်ပြထား၏။

ဥပဒေသစ်တစ်ရပ် မပေါ်ပေါက်မီ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားရှိကာ စားသုံးသူများအရေး ကိုင်တွယ် ဖြေရှင်းပေးလျက်ရှိ၏။ စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာများကို တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင် အချို့တွင် ဖွင့်ထားကြောင်းလည်း သိရသည်။

စားသုံးသူများ၏အကျိုးအတွက် အထောက်အကူပြုပေးရန် လုပ်ဆောင်ပေးနေသော အဖွဲ့အစည်းများစွာ ရှိနေသော်လည်း စားသုံးသူ ရပိုင်ခွင့်အခွင့်အရေးများနှင့် စားသုံးသူ အကာအကွယ်ပေးရေးကို လုပ်ဆောင်နေသော တရား ဝင်မှတ်ပုံတင်ထား သည့် အဖွဲ့အစည်းနှစ်ခုမှာ မြန်မာစားသုံးသူများသမဂ္ဂနှင့် စားသုံးသူကာကွယ်ရေးအသင်းတို့ ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများထဲတွင် ဈေးကွက်စီးပွားရေး စနစ်သို့ အသွင်ကူးပြောင်း နေမှုကလည်း အရေးပါသော ပြောင်းလဲမှုတစ်ခုဖြစ်၏။ စားသောက်ကုန်စည်၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ တိုးတက် ကြီးထွားလာမှုနှင့်အတူ အစားအသောက်များ ဘေးအ္တရာယ်ကင်းရှင်းရေးသည် စားသုံးသူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ၏။

၁၉၉၇ ခုနှစ်တွင် အမျိုးသားအစားအသောက် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပြန်လည်ပြင်ဆင်ဖြည့်စွက် သည့် ဥပဒေကို ၂၀၁၃ တွင် ပြဋ္ဌာန်းခဲ့၏။ ယခုအခါ အမျိုးသား အစားအသောက်ဥပဒေကြမ်းကိုလည်း အသစ်ပြန်လည်ရေးဆွဲလျက်ရှိ၏။ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာန(FDA)သည် အစားအသောက်နှင့် ဆေးဝါးများ၊ အလှကုန်များ ဘေးအ္တရာယ်ကင်းရှင်းရေးကို ကြီးကြပ်ထိန်းကျောင်းပေးသော အဓိက အဖွဲ့အစည်းဖြစ်သည်။

စားသုံးသူများသည် အမြဲတမ်း အမှန်ဘက်က ရှိနေ၏။ စားသုံးသူသည် သင့်လျော်သော ဈေးဖြင့် ဝယ်ယူစားသုံးမှုအပေါ် ထုတ်လုပ်ရောင်းချ သူက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်၏။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ မရှိသော ထုတ်လုပ် ရောင်းချသူများကြောင့် စားသုံးသူအား အကာအကွယ်ပေးရေး လိုအပ်လာခြင်းဖြစ်၏။ ယနေ့ မြန်မာနိုင်ငံတွင် စားသုံးသူများ လုံလောက်သော အကာအကွယ် ရရှိနိုင်ပါပြီလား။    ။