ဆောင်းဝိုင်းလက်မှတ်ဖြင့် တစ်နေ့တာငါးဖမ်းပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပျဉ်းမပင်လှကျေးရွာရှိ ပိန်းအင်းကြီးအတွင်း၌ ၂၀၁၇- ၂၀၁၈ခုနှစ်အတွက် ဆောင်းဝိုင်းလက်မှတ်ဖြင့် တစ်နေ့တာ ငါးဖမ်းပွဲတော်ကို ယနေ့ ပြုလုပ်ခဲ့ရာ ဝင်ရောက်ငါးဖမ်းသူ ၅၀၀ ဦးခန့်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ငါးဖမ်းလိုသူများအနေဖြင့် ဆောင်းဝိုင်းလက်မှတ်ကို တစ်ဦးလျှင်ငွေကျပ် ၃၀၀၀ ဖြင့် ဝယ်ယူ၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အုပ်ဆောင်းအုပ်၍ ငါးဖမ်းခွင့်ရရှိကြရာ ညောင်ပင်ဆိပ်၊ ပျဉ်မပင်လှ၊ ဇရစ်ရိုးစသည့် ကျေးရွာများမှ ဒေသခံပြည်သူများ ဝင်ရောက်ငါးဖမ်းခဲ့ကြသည်။

ထိုသို့ငါးဖမ်းခွင့်ပြုသည့်အတွက် ငါးများစွာရရှိကြပြီး အဆင်ပြေကြောင်း၊ အင်းသူကြီးမှ ဒေသခံပြည်သူများအဆင်ပြေအောင်ဆောင်ရွက်ပေးသည့် ပွဲတော်ဖြစ်ပြီး ငါးမြစ်ချင်း၊ ငါးဖယ်၊ ငါးဘတ် စသည့်ငါးများစွာရရှိကြကြောင်း၊ ထိုငါးဖမ်းပွဲတော်သို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

နေဝင်းမြင့်(ပြန်/ဆက်)