စုပေါင်းအင်အားဖြင့် ဖြတ်သန်းကျော်လွှား 

mdn

နေပြည်တော် ၂၀ ဇန်နဝါရီ

နိုင်ငံတစ်နိုင်ငံကို တာဝန်ယူဆောင်ရွက်နေသော ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် အဆိုပါ နိုင်ငံ၏အနာဂတ် အေးချမ်းသာယာဝပြောစေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ဘဝ ချမ်းမြေ့ပျော်ရွှင် စေရေး စသည့်အရေးကိစ္စတို့ကို အတည်ပြုချမှတ်ထားသည့် ရည်မှန်းချက်၊ ဦးတည်ချက်၊ စီမံချက်၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် ကြသည်။ 

ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွား အတွက်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားများ အကျိုးစီးပွားအတွက် ရှေးရှု ဆောင်ရွက်ပေးရာတွင် စစ်မှန်သည့် ပြည်သူ့အကျိုးစီးပွားဖြစ်ရေးသည် အဓိကဖြစ်သည်။ ပြည်သူများအနေဖြင့် ဖော်ဆောင်ပေးထားသော အကျိုးစီးပွားများကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် ရယူနိုင်ရေး၊ အကျိုးရှိရှိ အသုံးချ နိုင်ရေးအပြင် ထိုအကျိုးစီးပွားများ ရေရှည်ခိုင်မြဲရေးအတွက် ဝိုင်းဝန်းလက်တွဲ ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။ သို့မှသာ အစိုးရနှင့် ပြည်သူ ဟန်ချက်ညီပြီး ထိုနိုင်ငံမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ကာ အေးချမ်းသာယာဝပြောမည် ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရသစ်သည် ပြည်သူများ၏အကျိုး စီးပွားအတွက် အခက်အခဲများစွာကြားမှ နိုင်ငံကိုတည်ဆောက်နေရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရအား တစ်ခုတည်းနှင့် အလုံးစုံ အောင်မြင် အောင် ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် ပြည်သူ့အား များရရှိရေးအတွက် တွန်းအားပေးနေရသည်။ အစိုးရက မည်မျှဆောင်ရွက်သည်ဖြစ်စေ ပြည်သူမပါ လျှင် ဖော်ဆောင်ခဲ့သည့်အကျိုးရလဒ်များ ရေရှည်တည်တံ့ ခိုင်မြဲလိမ့်မည်မဟုတ်ချေ။

 ထို့ကြောင့် နိုင်ငံတော်အစိုးရသစ်သည် ပထမ တစ်နှစ်တာကာလ အတွင်း “ပြောင်းလဲချိန်တန်ပြီ” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်တွင် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် ဓာတ်အားရရှိရေး၊ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေး စသည့် ပြည်သူ့အကျိုးစီးပွားများကို ဦးစားပေးဆောင်ရွက်ခဲ့သည်။ 

ဆက်လက်၍ ဒုတိယ တစ်နှစ်တာကာလတွင် “ပြည်သူနှင့်အတူ” ဟူသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံတော်အရေးအရာကိစ္စရပ်များတွင် ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ တာဝန်ယူဆောင်ရွက် ခဲ့သည်။ ယခု တတိယ တစ်နှစ်တာကာလတွင်မူ “စုပေါင်းအင်အား” ဟူသော ဆောင်ပုဒ်ပါအတိုင်း ပြည်သူလူထုအင်အားကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စွာ ရယူပြီး ပြည်သူလူထုနှင့် တစုတစည်းတည်း ရပ်တည်နိုင်မှု၊ ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်မှု စသည့်ပေါင်းစုအင်အားဖြင့် ဆောင်ရွက် နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားများ တည်တံ့ခိုင်မြဲ တိုးတက်နေစေရန် မပြတ်သော သတိ၊ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက် နေရာတွင် ပြည်သူ၏အားကို နှစ်အလိုက် ပြောင်းလဲရယူခဲ့သည်မှာ ပြည်သူကို ယုံကြည်မှု၊ ပြည်သူကို အလေးထားမှု၊ ပြည်သူနှင့် နိုင်ငံတည်ဆောက်နိုင်မှုတို့ကို အသိအမှတ်ပြု ထင်ဟပ်ဖော်ဆောင် လိုက်ခြင်းဖြစ်သည်။ ပြည်သူမပါ ဘယ်အရာမျှမပြီး ဆိုသကဲ့သို့ ပြည်သူနှင့်အတူ လက်တွဲဖော်ဆောင်နေခြင်းဖြစ်သည်။ 

ယခုအခါ ပြည်သူ့အစိုးရ သုံးနှစ်တာကာလသို့ ရောက်ရှိလာရာ ပြည်သူများအတွက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်သည့်ကဏ္ဍများ ရှိသကဲ့သို့ အားမလိုအားမရဖြစ်မည့် အချို့အစိတ်အပိုင်းများလည်း ရှိနိုင်မည်။ နိုင်ငံတော်အစိုးရသည် နောင်လာမည့်နှစ်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍများစွာတို့၌ ပြည်သူများအတွက် အခွင့်အလမ်းကောင်းများ ပိုမိုရရှိအောင် ဆောင်ရွက်နေသည်။

 သို့ဖြစ်ရာ ပြည်သူ့အစိုးရ နိုင်ငံတော်၏တာဝန်ကို ရယူဆောင်ရွက် နေသည့်ကာလတွင် ရရှိပြီးဖြစ်သည့် အခွင့်အလမ်းကောင်းများကို ပိုင်ပိုင်နိုင်နိုင် ခိုင်ခိုင်မြဲမြဲဆုပ်ကိုင် အသုံးချနိုင်ရန် ပြည်သူများ ညီညွတ်စွာ အတူပါဝင်မည်။ ဆက်လက်လျှောက်လှမ်းရမည့် အနာဂတ်ခရီးလမ်းပေါ်မှ ဆူးငြောင့်ခလုတ်များ၊ စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ကျော်လွှားမည်ဟု ခံယူချက်များ ထားရှိရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ