ဒလမြို့နယ်အပါအဝင် ရန်ကုန်အနောက်ဘက်ကမ်းဒေသများ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား

ဒလမြို့နယ်အပါအဝင် ရန်ကုန်အနောက်ဘက်ကမ်းဒေသများ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေး စီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပရန် ပြင်ဆင်နေသည့် မြင်ကွင်းကိုကြည့်ရင်း ဝမ်းသာပီတိဖြစ်နေသည့် ဒလမြို့ဒေသခံ ကမာကဆစ် ရပ်ကွက်မှ အသက် ၇၀ ကျော် အဘိုးဦးသိန်းဟန်ကက "ဒလမြို့နယ် ဒေသခံတွေ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေတဲ့ အိမ်မက်တံတားကြီး အခုတော့ အကောင်အထည် တကယ်ပေါ်လာတော့မှာပါ " ဟု   ပြောသည်။

 

ဒလမြို့နယ်အပါအဝင် ရန်ကုန်အနောက်ဘက်ကမ်း ဒေသများသည် မြစ်ကြီးခြားနေမှုကြောင့် ရန်ကုန်မြို့နှင့် အမြင်နီးခဲ့သော်လည်း ခရီးဝေးခဲ့ရသည့်အတွက် ခေတ်အဆက်ဆက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးဘဝများ နိမ့်ကျနေသည်။
"ဒလကနေ ရန်ကုန်ကို ဆေးသွားကုမယ်ဆို သွားရေးလာရေး အခက်အခဲတွေ ရှိခဲ့တယ်။  မိုးတွင်းဆို လှိုင်းကြီးလေထန်လို့ ရန်ကုန်ဘက်သွားဖို့ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ စားဝတ်နေရေးအတွက်တော့ သွားနေကြရတာပါပဲ" ဟု အဘိုးဦးသိန်းဟန်က ပြောပြသည်။
ရန်ကုန်-ဒလ မြစ်ကူးတံတားထိုးနိုင်ရန်အတွက် ဒလတံတား စီမံကိန်းကို ၂၀၁၃ ခုနှစ် ကတည်းက စတင်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ၅ နှစ်ကျော်အကြာတွင်မှ စီမံကိန်းကို စတင်အကောင်အထည် ဖော်နိုင်ကြောင်း၊ တံတားတည်ဆောက်ရေးအတွက် စီမံကိန်းကာလမှာ သုံးနှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း တံတားဦးစီးဌာနက သိရသည်။

 

"ဒလမြို့ဒေသခံတွေက တံတားကြီးကို အမြန်အကောင်အထည် ဖော်စေချင်ကြတာ။ ဒလမြစ်ကူးတံတားကြီး အကောင်အထည်ဖော်ဖို့တောင် လူထုဆန္ဒ ထုတ်ဖော်ပွဲတွေ လုပ်ခဲ့ကြတယ်။ တံတားကြီးထိုးပြီးသွားရင်တော့ အားလုံးအဆင် ပြေသွားမယ်။ အနီးအနား ကျေးရွာတွေလည်း စီးပွားရေးဖွံ့ဖြိုးလာမယ်" ဟု ဒလမြို့ ကမာကဆစ် ရပ်ကွက်နေ ဦးညီညီက ပြောသည်။

 

ဒလတံတားသည် ကိုရီးယား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုအတွက် အရေးပါသည့် သင်္ကေတတစ်ခုဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့၊ Pan Pacific Hotel ၌ ကျင်းပသည့် Korean Night အခမ်းအနားတွင် ပြောကြားသည်။

 

"ရန်ကုန်မြို့ရဲ့ မြစ်အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတော်တော်များများကို ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ Master Plan ကို အကြမ်းရေးဆွဲနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရအသစ်တာဝန်ယူတဲ့ အချိန်တွေမှာ ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်းဖွံဖြိုးတိုးတက်ရေး စီမံကိန်းတွေကို အကောင်အထည်ဖော် စတင်နေနိုင်ပြီဖြစ်ပါတယ်" လို့  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

 

ဒလတံတားစီမံကိန်း ပြီးစီးပါက ဧရိယာအကျယ်အဝန်း ၈၆ ဒသမ ၅ စတုရန်းမိုင်ရှိ ဒလမြို့နယ်၏ ခန့်မှန်းလူဦးရေ တစ်သိန်းငါးသောင်းကျော်အတွက် မြို့ပြဖွံ့ဖြိုးမှု အပါအဝင် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒလမြို့နယ်နှင့် တဆက်စပ်တည်းရှိနေသည့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များသည်လည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့ပြကျွမ်းကျင်သူများက သုံးသပ်ထားသည်။

 

"ဒလတံတားကြီး တည်ဆောက်ပြီးသွားလို့ စက်မှုဇုန်တွေ အကောင်အထည် ဖော်ပေးမယ်ဆိုရင် ဒေသခံတွေ ရန်ကုန်ဘက်ကိုသွားပြီး အလုပ်လုပ်စရာမလိုတော့ဘူး။ ဒလမှာတင် အလုပ်လုပ်လို့ရသွားမယ်။ နောက်ပိုင်း ဒလမြို့ဟာ  ဒုတိယရန်ကုန်လို့တောင် ပြောရမယ့် အနေအထားဖြစ်သွားမယ်" လို့ ဒလမြို့ ဗညားဒလရပ်ကွက်တွင် နေထိုင်သည့် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြင့်က ပြောသည်။

 

ရန်ကုန်-ဒလထိုးမည့် ဒလတံတားစီမံကိန်းတွင် အချင်းတစ်ပေခွဲရှိ ရေပိုက်လိုင်းနှစ်လိုင်းကို တံတား၏ ဘယ်ညာတွင် ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်သည့်အတွက် ဒလဒေသခံများ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသည့် ရေရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်ရာ တံတားကြီး အမြန်အကောင်အထည်ပေါ်လာရန် မျှော်လင့်နေကြောင်း ဒေသခံများထံကသိရသည်။

 

"ဒလဘက်မှာ ရေချိုရရှိမှုက တော်တော်ခဲယဉ်းပါတယ်။ ရေချိုရရှိဖို့အတွက် ရေပိုက်လိုင်းနှစ်လုံးကို တဖက်တစ်ချက်မှာ သွယ်တန်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒလမြို့နယ်သာမက ဆက်စပ်မြို့နယ်တွေကိုလည်း ရေလုံလောက်မှု ပေးနိုင်အောင် တွက်ချက်ထားပါတယ်" ဟု တံတားဦးစီးဌာန (ထိန်းသိမ်းရေး)မှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောသည်။

 

ထို့အတူ ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်းကို ဆက်သွယ်သွားလာနိုင်မည့်  ဒလတံတား တည်ဆောက်ပြီးချိန်တွင် ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံ ကုန်းမြို့နယ်တို့သို့လည်းကောင်း၊ ဒေးဒရဲတံတားမှ တစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး စသည့်မြို့များ၊ ကမ်းခြေဒေသများ အပါအဝင် ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းလုံးသို့ လည်းကောင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည် ဖြစ်သည်။

 

ထို့ပြင် ယခုလက်ရှိ ရန်ကုန်မြို့တွင် တွေ့ကြုံနေရသည့် ယာဉ်ကြောပိတ်ဆို့မှုကိုလည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာ သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနက သုံးသပ်ထားသည်။

 

ဒလတံတားကို အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်သည့် တံတားဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာများ အနေဖြင့်လည်း တံတားပုံစံ ထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်း စသည့် ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်ပြီး ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာမည်ဖြစ်ကြောင်း ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောသည်။

 

နိုင်ငံတော်မှ ဒလတံတားစီမံကိန်းတွင် မလွတ်ကင်း အိမ်နှင့်မြေယာများအတွက် နစ်နာမှုမရှိစေရန် လျော်ကြေးငွေများကိုလည်း ပေးအပ်ခဲ့ပြီး စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့် သာသနိက အဆောက်အအုံ၊ ကူးတို့ဆိပ်၊ ရေယာဉ်ရုံးနှင့် နားနေဆောင် တို့ကိုလည်း သင့်လျော်သည့် နေရာတွင် အဆောက်အအုံ အထူးအဖွဲ့ (၂)မှ ပြန်လည်ဆောက် လုပ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 

"ကျွန်တော်အိမ်က စီမံကိန်းထဲပါနေတဲ့အတွက် ၁၅ ပေ နောက်ဆုတ်ပေးလိုက်ရတယ်။ ၇ ပေက စီမံကိန်းထဲပါသွားတယ်။ ၈ ပေက စီမံကိန်းပြီးရင် ပြန်ရမယ်။ အဲ့ဒီအတွက်လည်း ဌာနက ထိုက်တန်တဲ့ နစ်နာကြေးပါတယ်။ ကိုယ်ဒေသဖွံ့ဖြိုးဖို့လုပ်တာ ကျေကျေနပ်နပ် လက်ခံပါတယ်" ဟု ဗညားဒလရပ်နေ ဦးအောင်ကျော်မြင့်က ပြောသည်။

 

ဒလတံတားကို ရန်ကုန်မြို့ဘက်တွင် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့ နယ်ဘက်တွင် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်တည်ဆောက် သွားမည်ဖြစ်ပြီး လမ်းအူကြောင်းအနေဖြင့် ထိခိုက်မှုအနည်းဆုံး လမ်းကြောင်းကို ရွေးချယ်တည် ဆောက်သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနက သိရသည်။

 

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Lone ချေးငွေ အမေရိကန်ဒေါ်လာ  ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း ကုန်ကျမည်ဖြစ်ကြောင်း တံတားဦးစီးဌာနက သိရသည်။

 

အမြင်နီးသော်လည်း ခရီးဝေးခဲ့ရသည့် ဒလမြို့အပါအဝင် ရန်ကုန် အနောက်ဖက်ကမ်းဒေသများ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ပြီးစီးပါက ဒေသဖွံ့ဖြိုးတိုးတက်လာတော့မည်ကို ဒလမြို့ဒေသခံ ကမာကဆစ်ရပ်ကွက်မှ အသက် ၇၀ ကျော် အဘိုးဦးသိန်းဟန်က "တံတားကြီးဆောက်ပြီးသွားလို့ ဒလမြို့ ဖွံ့ဖြိုးလာမှာကို မြင်တွေ့ချင်သေးတယ်" ဟု ဆိုသည်။