ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

မကွေး ၉ ဇန်နဝါရီ    

 
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီလ ၈ ရက် နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ လွှတ်တော်အစည်းအဝေးတွင် ဂန့်ဂေါမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်ဆန်းဝင်းက မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး လမ်းပေါ်ရှိ ပုံညာတောင်ကို ဖောက်လုပ်ထားသော လမ်းအပိုင်း၌ လမ်းကမ်းပါး ပြိုကျနေမှုများအား ရေရှည်ခိုင်မြဲစေရန် နောက်မိုးမကျမီ လမ်းချဲ့ခြင်း၊ ကျောက်စီမြေထိန်းခြင်း လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

 

6325


အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး၊  ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပုံညာတောင်ကို ဖောက်လုပ်ထားသော လမ်းအပိုင်းသည် မုံရွာ-ပုလဲ-ဂန့်ဂေါ-ဟားခါး လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့ကို ဆက်သွယ်ထားသောလမ်းဖြစ်ပြီး ပြည်ထောင်စုမှ စီမံ ခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းရှိအချို့ နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ အဆိုပါနေရာများသည် တောင်ပြိုခြင်းများ၊ လမ်းကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်ခဲ့ပါ၍ ပြည်ထောင်စု အထူးပြင်/ထိန်း ရန်ပုံငွေ (သို့မဟုတ်)မိုးဒဏ် ရန်ပုံငွေအဖြစ် တင်ပြတောင်းခံခဲ့ရာ ကျပ်(၇၄.၀၀၀) သန်း ခွဲဝေရရှိခဲ့၍ ပျက်စီးမှုများအား ယာယီထိန်းသိမ်းလျက် ယာဉ်သွားလာမှု အဆင်ပြေစေရန် စီစဉ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၎င်းလမ်းပေါ်တွင် အဖြစ်များသောနေရာ ၁၃ နေရာအား ရှောင်ကွင်းလမ်း(သို့) ပေ ၄၀ အကျယ် တာဘောင် ရရှိစေရန်အတွက် နေပြည်တော်ရုံးချုပ်သို့ (၂-၁၀-၂၀၁၈) ရက်နေ့တွင် တိုင်းတာ ပုံစံထုတ်ပေးနိုင်ရန်အတွက် လမ်းပုံထုတ်အဖွဲ့ စေလွှတ်ပေးရန် တင်ပြခဲ့ရာ (၁၆-၁၁-၂၀၁၈)ရက်နေ့မှ(၂၃-၁၁-၂၀၁၈)ရက်နေ့ထိ လာရောက် တိုင်းတာခဲ့ပါကြောင်း၊ လမ်းပုံစံ(Design)များ ရရှိလာပါက ခန့်မှန်းခြေ ကုန်ကျစရိတ်များတွက်ချက်၍ ရန်ပုံငွေတင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

6323


ထို့အတူ မင်းတုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးလှိုင်ဦးက မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မင်းတုန်းမြို့မရဲစခန်းတို့၏ ခြံစည်းရိုးများအား ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ သို့မဟုတ် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း မေးမြန်းခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးမှ မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့သည် တစ်ဝန်းတည်း တည်ဆောက်ထားပြီး အကျယ်အဝန်းအားဖြင့်(၃.၈၈၇) ဧက၊ မြေပြင်တိုင်းထွာ တွက်ချက်မှုများအရ ပေအားဖြင့်ခြံစည်းရိုးအရှည်(၁၇၈၇.၅)ပေရှိကာ မင်းတုန်းမြို့ အမှတ်(၂) ရပ်ကွက်တွင် တည်ရှိပါကြောင်း၊ ရဲစခန်းဝန်း၏အရှေ့မြောက်ဘက်တွင် အလျား(၁၁၃)ပေ နှင့် အနံ(၉၇)ပေတို့မှာ ဆောက်လုပ်ရေးဦးစီးဌာနမှ သွပ်ဆူးကြိုးများဖြင့်အခိုင်အမာ ကာရံထားရှိပါ ကြောင်း၊ အနောက်တောင်ဘက်တွင် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၏ အလျား(၁၅၂)ပေ၊ အနံ(၁၀၆)ပေမှာ သံဇကာများဖြင့်ကာရံ ထားပါကြောင်း၊ အနောက်မြောက်ဘက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၏ အလျား(၉၉)ပေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံး၏ အလျား(၇၈)ပေ၊ အားကစားခန်းမ၏ အလျား(၅၁)ပေတို့မှာ သွပ်ဆူးကြိုးများဖြင့် အခိုင်အမာ ကာရံထားပါကြောင်း၊ ရဲစခန်းခြံစည်းရိုးအရှည်(၁၇၈၇.၅)ပေရှိသည့်အနက်မှ အခြားဌာနနှင့် ပါတီရုံးများမှ ကာရံပြီး(၆၉၆)ပေရှိ၍ ကာရံရန်(၁၀၉၁.၅)ပေကျန်ရှိပါကြောင်း၊ မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့ အနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား (၁-၆-၁၉၇၃) ခုနှစ်တွင်လည်းကောင်း၊ မင်းတုန်းမြို့မရဲစခန်းအား (၅-၇-၁၉၇၃) ခုနှစ်တွင်လည်းကောင်း တည်ဆောက်ခဲ့ပြီး စတင်တည်ဆောက်စဉ်ကပင် ခြံစည်းရိုးဝန်းအား ဝါးကပ်များဖြင့် ကာရံထားရှိပြီး ဟောင်းနွမ်းဆွေးမြေ့ပါက အစားထိုးအသစ်လဲလှယ်ခြင်းများဖြင့် မကြာခဏပြုပြင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအချိန်ထိ ဟောင်းနွမ်းပျက်စီးခြင်းများကိုလည်း ဝါး/ ဝါးကပ်များဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာရံဆောက်လုပ်ရန် လိုအပ်သော ခြံစည်းရိုး အရှည်(၁၀၉၁.၅)ပေအား အုတ်တံတိုင်း ကာရံမည်ဆိုပါက ခန့်မှန်းကာလတန်ဖိုး သိန်း(၁၈၀)ကျပ်နှင့် သံဆူးကြိုးကာရံမည်ဆိုပါက ခန့်မှန်းကာလ တန်ဖိုး(၁၆၆)သိန်းကျပ်ခန့် ကုန်ကျမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန၏ ခန့်မှန်းတွက်ချက်ပေးမှုအရ သိရှိရပါကြောင်း၊ မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မင်းတုန်းမြို့မရဲစခန်းတို့၏ခြံစည်းရိုးများအား သင့်တော်ရာဖြင့် လုံခြုံမည့်ခြံစည်းရိုး အသစ်များဖြင့် ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန ဖြည့်စွက်ရန်ပုံငွေမှ ဆောင်ရွက်ပေးရန် အစီအစဉ်မရှိဘဲ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန ငွေလုံးငွေရင်း(မူလ) အသုံးစရိတ်တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။


သန်းနိုင်ဦး(ငဖဲ)