ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် ၂၁  ဒီဇင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန် အားခန့်အပ်တာဝန်ပေးခြင်းကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော ချင်းပြည်နယ်အတွင်းရှိ မြို့နှင့် ကျေးရွာအုပ်စု ပြင်ဆင်ဖွဲ့စည်းခြင်းကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း က ကော်မရှင် ၏ လပေါင်း ၃၀ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ (၆)လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် အဖွဲ့၏ (၆)လတာ အစီရင်ခံစာအပေါ်တွင် စိတ်ဝင်စားစွာ ဝေဖန်အကြံပြုကြသည့် လွှတ်တော်ကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ အကြံပေးချက်များကိုလည်း မိမိတို့အဖွဲ့အနေဖြင့် တလေးတစား ထည့်သွင်းမှတ်သား၍ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ အချိန်နှင့်တစ်ပြေးညီ တိုးတက်ဆောင်ရွက်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက ဆက်လက်ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာ့သတ္တုတွင်း နည်းဥပဒေများ၏ အပိုဒ်များနှင့် စပ်လျဉ်း၍  ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဦးဇော်ဝင်းက အဆိုတင်သွင်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road Signs and Signals 1968 တို့ကို လက်ခံကျင့်သုံးခြင်းဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်က  Vienna Convention  on Road Traffic and Convention on Road Signs and Signals နှစ်ခုကို တစ်ပြိုင်နက် ပါဝင်လက်မှတ်ရေးထိုးကျင့်သုံးခြင်းအားဖြင့် မိမိတို့နိုင်ငံတွင် ရရှိမည့် အကျိုးကျေးဇူးများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အချက်လေးချက် ကောက်နုတ်တင်ပြသွားသည်မှာ နိုင်ငံဖြတ်ကျော် ယာဉ်များသွားလာမှု လျင်မြန်ချောမွေ့လာခြင်း၊ အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာမှုကိစ္စရပ်များကို အထောက်အကူပြုခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းမှု တိုးတက်လာခြင်းနှင့် လမ်းညွှန်မှုများ၊ အချက်ပြများ၊ သင်္ကတေများ၊ အမှတ်အသားများသည် အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာမှုစံနှုန်းများနှင့် တစ်ပြေးညီဖြစ်လာခြင်း စသည်တို့ဖြစ်ပါကြောင်း။

 

ယင်းအချက်များကို ယခုအချိန်ထိ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသည့် နိုင်ငံများရှိနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့၏အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံသည် ယခုအချိန်အထိ ယင်းသဘောတူညီချက်များ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိပါသေးပါကြောင်း၊ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံသည်လည်း Convention on Road Signs and Signals တစ်ခုတည်းသာ လက်မှတ်ရေးထိုးသည့်အတွက် အဓိကအိမ်နီးချင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အကြောင်းအရင်းများကိုလည်း မိမိတို့ လေ့လာကြည့်သင့်သည်ဟု ထင်မိပါကြောင်း ဆွေးနွေးပြောကြားသည်။

 

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်းနှင့် အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်တို့က ဆက်လက်ဆွေးနွေးကြ သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road Signs and Signals 1968 တို့နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ၁၁ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လျာထားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Memorandum of Association (MoA) on the Establishment of BIMSTEC Technology Transfer Facility ကို လက်မှတ်ရေးထိုးရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ စမ်းချောင်း မဲဆန္ဒနယ်မှ ဦးဘိုဘိုဦးနှင့် ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်တို့က ဆွေးနွေးကြသည်။

 

အဆိုပါ ကိစ္စတို့နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် လက်မှတ်ရေးထိုးပြီးပါက နည်းပညာလွှဲပြောင်းမှုမှ ရရှိလာသည့် အကျိုးကျေးဇူးများကို နိုင်ငံတော်နှင့်လူမျိုးအတွက် အကျိုးအရှိ ဆုံးအသုံးပြုနိုင်ရန်  ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

ထို့ကြောင့် Memoran- dum of Association (MoA) on the Establishment of BIMSTEC Technology Transfer Facility ကို လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်စဉ် ကြေး အမေရိကန်ဒေါ်လာ ၁၃၃၅၆ ဒေါ်လာ ထည့်ဝင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန်နှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို နာခံမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စတို့နှင့်  စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ခု၊ ဘဏ္ဍာ ရေးနှစ် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းများ ထိရောက် အကျိုးရှိရေးအတွက် Development Assistance Policy နှင့်အညီ ချေးငွေရယူခြင်း၊ နှစ်ဖက်ညှိနှိုင်းခြင်းတို့ကို အစီအစဉ်တကျ ဆောင်ရွက်ခြင်းအား ဖြင့်ရရှိသောချေးငွေများကို ထိရောက်မှုရှိစေရန် ကြီးကြပ်စီမံ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

အဆိုပါ အစီရင်ခံစာ (၁၀/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဆက်လက် ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန်းက အဆိုပါ အစီရင်ခံစာ (၁၀/၂၀၁၈)ကို လွှတ် တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူ သူမရှိသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာကို မှတ်တမ်းတင်ကြောင်းနှင့် ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်  သဘောထားမှတ်ချက်အစီရင်ခံစာ  (၁၀/၂၀၁၈) ကို လွှတ်တော်က သဘောတူအတည်ပြုကြောင်းကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၃/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းကဲ့သို့ ပြည်ပမှ ချေးငွေများရယူဆောင်ရွက်နေသော်လည်း ပြီးစီးမှုမရှိသေးသည့် စီမံကိန်းများကို ပြီးစီးအောင် ဆက်လက်အကောင်အထည်ဖော် ဆောင်သွားမည်ဖြစ်ပါကြောင်း၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ တည်ဆောက်ရေးလုပ်ငန်းများကို ငါးနှစ်တာ ရပ်ဆိုင်းခဲ့ခြင်း မရှိပါကြောင်း၊ သို့သော် ယခင်နှစ်များက ဘက်ဂျက်ခွဲဝေမှု အားနည်းသွားခဲ့သည့်အတွက် လုပ်ငန်းပြီး စီးမှုနှေးကွေးသွားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ချေးငွေများ အချိန်မီထုတ်ယူသုံးစွဲခြင်းနှင့် လုပ်ငန်းပြီးစီးမှုနှောင့်နှေးခြင်း မရှိစေရန် မြို့ပြတည်ဆောက်ရေးလုပ်ငန်းများအတွက် မြန်မာ့ကျပ်ငွေ ဘတ်ဂျက်များကို အပြည့်အဝခွင့်ပြုပေးနိုင်ပါရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

အဆိုပါ အစီရင်ခံစာ (၁၃/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဆက်လက်ရှင်းလင်းဆွေးနွေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဒေါ်ရွှေရွှေစိန်လတ်က အဆိုပါ အစီရင်ခံစာ (၁၃/၂၀၁၈) ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က  ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘော မတူသူ မရှိသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အမျိုးသား စီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာကို မှတ်တမ်းတင် ကြောင်းနှင့် ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၃/၂၀၁၈)ကို လွှတ်တော် ကသဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ခု၊ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၎င်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၄/၂၀၁၈)တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေဖြင့် ကျပ်ဘီလီယံ ၂၄၇၄ ဒသမ ၁၀၆ ကို ထပ်မံဖြည့်စွက်ပေးခဲ့ရသည်ကို တွေ့ရှိရပါကြောင်း၊ ထပ်မံဖြည့်စွက်ရန်ပုံငွေတောင်းခံသော ဌာနများအနေဖြင့် ဘတ်ဂျက်ရေးဆွဲအကောင်အထည်ဖော်ခြင်း၏ အနှစ်သာရ ကိုမထိခိုက်စေရန်အတွက် ဖြစ်နိုင်သမျှ ဖြည့်စွက်ရန်ပုံငွေ တောင်းခံခြင်းမရှိစေရန် မူလခွဲဝေလျာထားတွက်ချက်စဉ်ကပင် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ၍ အနီးစပ်ဆုံး ခန့်မှန်းသွားရန် လိုအပ်ကြောင်းကို အကြံပြုလိုပါကြောင်း။

 

ပြည်ပချေးငွေများ ထုတ်ယူသုံးစွဲရာ၌လည်း သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိအောင် စီမံချက်ပါအတိုင်း ထုတ်ယူသုံးစွဲကြရန် လိုအပ်ပါကြောင်း၊ ချေးငွေသဘောတရားအရ ထုတ်ယူသုံးစွဲမှု နောက်ကျပါက ဈေးနှုန်းပိုပေးရခြင်းကို လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့်  သိရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့်ချေးငွေကို မြန်မြန်ထုတ်ယူနိုင်အောင် ဆောင်ရွက်ပြီး စီမံကိန်းများအမြန်ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

အဆိုပါ အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ချောက်မဲ ဆန္ဒနယ်မှ ဦးဘိုကြီး၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်နှင့် ရှားတောမဲဆန္ဒနယ် မှ ဒေါ်ဝင့်ဝါထွန်း တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က အဆိုပါ အစီရင်ခံစာ (၁၄/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဒေါ်ချိုချိုဝင်း ကအဆိုပါ အစီရင်ခံစာ (၁၄/၂၀၁၈) ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူ သူမရှိသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို မှတ်တမ်းတင်ကြောင်းနှင့် ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၄/၂၀၁၈)  ကိုလွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ဒသမပုံမှန် အစည်းအဝေးကာလ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ဒသမပုံမှန်အစည်းအဝေး ကာလအတွင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွာမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအပါအဝင် ဥပဒေ ၄ ခု ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး လွှတ်တော်က အတည်ပြုပြီးဖြစ်သည့် ဥပဒေကြမ်း ၂ ခုကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန်အတွက် ပေးပို့ထားပါကြောင်း၊ ထို့အပြင် ယနေ့လွှတ်တော်တွင် အတည်ပြုလိုက်သည့်  မြန်မာ့သတ္တုတွင်း နည်းဥပဒေများကိုလည်း ပြင်ဆင်ထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

လွှတ်တော်အစည်းအဝေး ကျင်းပရက် ၁၁ ရက်အတွင်း ဥပဒေများ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးသာမက အခြားလွှတ်တော်ဆိုင်ရာလုပ်ငန်းများဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦး ခန့်အပ်တာဝန်ပေးနိုင်ရန် လွှတ်တော်၏ သဘောတူညီချက် ရယူပေးခြင်း၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုအပ်သည့် ပြည်ပချေးငွေဆိုင်ရာကိစ္စရပ် ၃ ခု၊ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စရပ် ၅ခု၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ၊ ဒုတိယ၆ လပတ် အခွန်ကောက်ခံ ရရှိမှုအစီရင်ခံစာ၊ အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လ လာတာကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာတို့ကို လွှတ်တော်က ဆွေးနွေးမှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့၏ လပေါင်း ၃၀ ကာလလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာတို့ကို မှတ်တမ်းတင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အလိုက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် စပ်လျဉ်းပြီး လက်ရှိအချိန်ထိ သုံးစွဲခွင့် ပုံစံ(၁) တင်ပြထားသည့် မြို့နယ် ၂၁၂ မြို့နယ်ရှိပြီး ၈၉ မြို့နယ်အတွက် ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များ၏ တင်ပြချက်အရ အဆိုပြုချက်ပုံစံ(၁)များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အစား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နောက် ဆုံးထားပေးပို့ကြရန်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ အသိပေးထားပြီးဖြစ်ပါကြောင်း။

 

ကျန်ရှိသည့် မြို့နယ်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ရက်အမီ ပုံစံ(၁) တင်ပြနိုင်ရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း။

 

ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ဖော်ဆောင်နိုင်မည့် ဥပဒေများ ပေါ်ပေါက်လာစေရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အလိုက်ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ လုပ်ငန်းစဉ်များကို လက်ကိုင်ထားပြီး လွှတ်တော်သို့ တင်သွင်းလာသည့် ဥပဒေကြမ်းများကို ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကျေအလည် ညှိနှိုင်းဆွေးနွေးအတည်ပြုခြင်း၊ လိုအပ်ပါက ဥပဒေအသစ်ရေးဆွဲခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်းတို့ကို အလေးထားဆောင်ရွက်နိုင်ကြရန် လိုအပ်ပါကြောင်း၊ ဥပဒေတစ်ခု ပြုတော့မည်ဆိုပါက တရားဥပဒေ၏ အခြေခံသဘောတရားများဖြစ်သည့် တရားမျှတမှု၊ သာတူညီမျှမှုနှင့် မွန်မြတ်သည့် စိတ်ထားတို့ကို အရင်းခံပြီး ပြဋ္ဌာန်းထားသည့် စံပြုရမည့် ဥပဒေများဖြစ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဆောင်ရွက်ဆဲ ဥပဒေကြမ်းအနေဖြင့်  ပြည်ထောင်စုလွှတ်တော်တွင် ၄ ခု၊ ပြည်သူ့လွှတ်တော်တွင် ၁၈ ခုနှင့် အမျိုးသားလွှတ်တော်တွင် ၈ ခု စုစုပေါင်း ဥပဒေကြမ်း ၃၀ ခု ကျန်ရှိနေပါကြောင်း။

 

ဒုတိယအကြိမ် လွှတ်တော်များ၏ သက်တမ်းကာလသည် မကြာမီ ၃နှစ် ပြည့် မြောက်တော့မည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကာလအတွင်း ဆောင်ရွက်ရန်ကျန်ရှိသည့် ဥပဒေကြမ်းများကို ဦးစားပေးအလိုက် အချိန်ကာလသတ်မှတ်ချက်နှင့် ဆောင် ရွက်စေလိုပါကြောင်း၊ ဥပဒေပြုရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ်အတွင်း လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပပြုလုပ်မည့် ကာလနေ့ရက် လျာထားသတ်မှတ်ချက်ကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လျာထားနေ့ရက်များ ထုတ်ပြထားရှိခြင်းသည် လာမည့်ပုံမှန်အစည်းအဝေး ကာလများတွင် ဆောင်ရွက်ရန်ရှိသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများအတွက် အထောက်အကူ ရရှိနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း။

 

ပြည်သူများအတွက်  အမြဲတမ်းတာဝန်ရှိသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ် သည်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ပြည့်စုံခိုင်မာသည့် ဥပဒေများ ထွက်ပေါ်လာရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေဒေသအလိုက် အခြေခံလိုအပ်ချက်များ တိုးတက်ကောင်းမွန်ရေးတို့အတွက် ဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော် ဒသမပံမှန်အစည်းအဝေး ၁၁ရက်မြောက်နေ့ ကျင်းပပြီးစီးကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာသည်။

 

အောင်မော်၊ အေးအေးသန့် (သတင်းစဉ်)