ချမ်းအေးသာစံမြို့နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဟောပြောပွဲ ကျင်းပ

မန္တလေး ၂၀ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မန္တလေးခရိုင် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်၊ ၂၈x၂၉ လမ်းကြား၊ ၇၆ လမ်းရှိ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။ 

 

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာမွန်ဦးက သဘာဝဘေးအန္တရာယ်များ အကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လိုက်နာရမည့် အချက်များကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဦးမင်းသန့်က မီးဘေးအန္တရာယ်အကြောင်း၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအကြောင်း၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း အသီးသီးဟောပြော ဆွေးနွေး၍ ကျောင်းအုပ်ကြီး ဦးလှဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ 

 

ထို့နောက် တာဝန်ရှိသူများမှ မီးသတ်ဆေးဘူး၊ မီးသတ်ကားများ အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့် အချက်များအား သရုပ်ပြသခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပြီး အလှူရှင်များက ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်နှင့် စာရေးကိရိယာများ  ပေးအပ်လှူဒါန်းသည်။ 

 

အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးထွန်းမြင့်၊ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့၊ မန္တလေးတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

တင်မောင်(မန်းကိုယ်ပွား)