ခရီးကြမ်း ကားမောင်းပွဲ ပိတ်ပွဲအခမ်းအနား စစ်ကိုင်းမြို့တွင်ပြုလုပ် 

စစ်ကိုင်း ၁၈ ဇန်နဝါရီ  

 

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြုလုပ်သည့် Journey to the Naga-Land" Rally Sagaing/MHTTR 7-2019" ခရီးကြမ်း ကားမောင်းပွဲ ပိတ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်  ညနေ့ပိုင်းအချိန်က စစ်ကိုင်းမြို့၊ရွှေမင်းဝံပန်းခြံရှေ့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီမှ သိရသည်။

 

1

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ စစ်ကိုင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)မှ ကျောင်းသူ၊ ကျောင်းသားများက တိုင်းရင်းသားရိုးရာအကများ၊ စစ်ကိုင်းမြို့ပေါ် အခြေခံအထက်တန်းကျောင်းများမှ ဘင်ခရာအဖွဲ့များနှင့် ဒေသခံများက ခရီးကြမ်း ကားမောင်းပွဲတွင် ပါဝင်သည့် MHTTR 7အဖွဲ့သူ၊ အဖွဲ့သားများကို ရင်းနှီးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

2

 

ထို့နောက် ညပိုင်းအချိန်တွင် စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်ရှိ  အစေခံ ခံတပ်အတွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရီးကြမ်း ကားမောင်းပွဲတွင် ပါဝင်သည့် MHTTR 7အဖွဲ့သူ၊ အဖွဲ့သားများ မိတ်ဆုံ ညစားစားပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြုလုပ်သည့် ခရီးကြမ်း ကားမောင်းပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု (မုံရွာ) ရုံးခွဲ၏ ကြီးကြပ်မှုဖြင့်  ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

3

 

ခရီးကြမ်း ကားမောင်း ဖွင့်ပွဲအခမ်းအနားကို ယခုလ (၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က မုံရွာမြို့၊ မြို့တော် ခန်းမရှေ့၌  ပြုလုပ်ခဲ့ပြီး ထို့နေ့မှ စတင်၍ မော်တော်ကားအစီးရေ ၂၀ ခန့်နှင့် လူဦးရေ (၆၁) ယောက်ပါဝင်သော MHTTR 7 ကားမောင်း အဖွဲ့သည် မုံရွာ-မင်းကင်း- မော်လိုက်- တမူး- ဟုမ္မလင်း- ထမံသီ-လေရှီး - (နာဂပွဲတော်) -အပြန်လမ်းတွင် နောင်ပိုအောင်- သာနားတော- တောချင်းမှတဆင့် စစ်ကိုင်းသို့ ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ရောက်ရှိခြင်းဖြစ်ကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီမှ သိရသည်။

 

စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခုအကြိမ်မြောက် ကျင်းပသည့် ခရီကြမ်း ကားမောင်းပွဲမှာ ဒုတိယ အကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း၊ ပထမအကြိမ် ကျင်းပခဲ့သည့် ကားမောင်းပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှ  ဇန်န ဝါရီလ ၂၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ကားအစီးရေ အနေဖြင့်  စုစုပေါင်း ကားအစီးရေ ၁၇ စီးဖြင့် ကျင်းပခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံက သိရသည်။

 

ကိုမင်း(အင်းတော်)