ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကားမောင်းအဖွဲ့ မော်လိုက်မြို့သို့ လာရောက်လည်ပတ်

မော်လိုက် ၁၃ ဇန်နဝါရီ    



စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးဖိတ်ခေါ်ကျင်းပသည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Journey to the Naga Land Rally Sagaing/ MHTTR 7-2019 ကားမောင်းအဖွဲ့မှ ကားအစီးရေ (၂၀) ပါ ခရီးသွားလုပ်ငန်းရှင်များ၊ ကားမောင်းဝါသနာပါသူများ စုစုပေါင်း (၇၀) ပါဝင်သည့် အဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက မော်လိုက်မြို့သို့ ရောက်ရှိလာရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများက လွတ်လပ်ရေး ကျောက်တိုင်ကွင်းမှနေ၍ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး တာဝန်ရှိသူများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများအား အပြန်အလှန်ပေးအပ်ခဲ့ကြကာ မော်လိုက်မြို့၌ ခေတ္တညအိပ်ရပ်နားခဲ့ကြကြောင်း သိရသည်။ 

 

ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် အဆိုပါ ကားမောင်းအဖွဲ့သည် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အတူ မော်လိုက်မြို့ရှိ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် လေ့လာလေ့ရှိသည့် ကိုလိုနီခေတ် အဆောက်အအုံများ၊ ဂေါက်ကွင်းများသို့ လည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ဆက်လက်၍ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအား လာရောက်လည်ပတ်နိုင်စေရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ထားသည့်  မော်လိုက် ပျားစွဲဆင်ထိန်းသိမ်းရေးစခန်းသို့ သွားရောက်ကာ ဆင်များအား အစားအစာကျွေးခြင်းနှင့် ရေချပေးနေပုံများအား ကြည့်ရှုခဲ့ကြပြီး မော်လိုက်-ပြောင်ဘုတ် ကားလမ်းဘေးတွင် တည်ရှိသည့် ဘုရားလက်ဆေးကန်သို့ သွားရောက်ဖူးမြော်ခဲ့ကြကာ မော်လိုက်မြို့မှ တမူးမြို့သို့ ဆက်လက်ထွက်ခွာသွားကြာင်း သိရသည်။ 

 

(၁၄၂)