ကိုလံဘီယာ နိုင်ငံသား Transformer

ဘိုဂိုတာ  ၁၂   ဇန်နဝါရီ

 

Transformer ရုပ်ရှင်ထဲကလိုကားကနေ လမ်းလျှောက်နိုင်တဲ့ သံစက်ရုပ်အဖြစ်ပြောင်းလဲနိုင်တဲ့ ဝတ်စုံကို ဝတ်ပြီး နေ့စဉ် ဝင်ငွေရှာနေတဲ့ ကိုလံဘီယာနိုင်ငံသား Transformer လူသား လူးဝစ် ခရုစ်ဟာ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့က မီးပွိုင့်တွေမှာ လွန်ခဲ့တဲ့ ၈ နှစ်ကတည်း တွေ့နေရပါတယ်။ 

 

ခရုစ်က သူ့အလုပ်ကနေ ထွက်ပြီး Transformer လူသား အဖြစ်ပြောင်းလဲပြီး မိသားစုဝမ်းရေးကို ဖြေရှင်းပေးနေသူဖြစ်ပါတယ်။ အခုလို ဖျော်ဖြေခြင်းအားဖြင့် တစ်နေ့ကို ဒေါ်လာ ၂၀ လောက်အထိ ဝင်ငွေရှိတယ်လို့ သိရပါတယ်။ 

 

Transformer လူသား အဖြစ်ပြောင်းလဲနိုင်တဲ့ ဝတ်စုံကို သူကိုယ်တိုင် ကတ်ထူပြားတွေ အသုံးပြုပြီး ချုပ်လုပ်တာကို တွေ့ရပါတယ်။ ခရုစ်က သူဟာ အခုလို Transformer အဖြစ် ပြုလုပ်နေတာကို ပျော်ပါတယ်။ သူကိုယ်တိုင်ရော မိသားစုရော သူ့ကို မြင်တဲ့လူတွေရော ပျော်ကြပါတယ်လို့ ပြောပါတယ်။ 

 

နေ့စဉ် ကျွန်တော့်မိသားစု၊ ကျွန်တော့်ကလေးတွေ ကောင်းကောင်းနေဖို့ အောင်မြင်ဖို့အတွက် ကျွန်တော်ကတော့ မီးပွိုင်တွေမှာ ဖျော်ဖြေရပါတယ်။ ဒါကို ကျွန်တော်က ကိုယ့်ကိုကိုယ်ပေးဆပ်တယ်လို့ပဲ ပြောမယ်ဗျာ လို့ ဆိုပါတယ်။ 

 

ခရုစ်ရဲ့ ဖျော်ဖြေမှုကို ကိုယ်တိုင်မြင်တွေ့တဲ့ ဘတ်စ်ကားမောင်းသူကလည်း ဒီလူက တကယ့်လူဗျ။ မိသားစုရဲ့ အခက်အခဲတွေ ပြဿနာတွေကို ဖြေရှင်းပေးနေတာ။ အခုလို လာဘ်ပေးလာဘ်ယူများတဲ့နိုင်ငံမှာ သူ့မိသားစုအတွက် ရိုးသားတဲ့နည်းနဲ့ဖြေရှင်းပေးနေတာလို့ ပြောပါတယ်။

 

မော်တော်ဆိုင်ကယ်သမားကလည်း ခရုစ် ကို လက်တင်အမေရိကန်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကိုလံဘီယာနိုင်ငံမှာ ကိုယ့်မှာ တစ်ခြားဖြစ်နိုင်ခြေရှိတဲ့ အခွင့်အရေးတွေမရှိတော့ရင်။ တခြားသူဆီက မျှော်လင့်ရတာပဲ။ ဒါပေမယ့် ခရုစ်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းတယ်။ သူလုပ်ထားတဲ့ ဝတ်စုံကို ကြည့်လေ သိပ်ကောင်းတယ်။ တီထွင်ဉာဏ်သိပ်ကောင်းသူလို့ ဆိုပါတယ်။ 

 

MDN

ကိုးကား- AFP