ကမ္ဘာကြီးပူနွေးလာမှုနှင့် ဆောင်ရန်၊ ရှောင်ရန်

 

သန်းလွင်ငြိမ်း (ပိန်းဇလုပ်)

 

ကမ္ဘာ့လေထုအတွင်းရှိ အိုဇုန်းလွှာ စတင်ပျက်စီးလာမှုကြောင့် နေရောင်ခြည်သည် လူတို့၏အသားအရေနှင့်ထိတွေ့လျှင် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို သိရှိခဲ့ရပြီးနောက် မိသားစုဝင်များကိုလည်း အသိပညာပေး၍ ဆောင်ရန်၊ ရှောင်ရန်တို့ကို ပြောပြခဲ့ပါသည်။ ဌာနဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်း အလျဉ်းသင့်သည်နှင့် ယင်းအိုဇုန်းလွှာအကြောင်းကို ထည့်သွင်း ဆွေးနွေးပြောပြခဲ့ပါသည်။ ယနေ့တွေ့ မြင်နေရသော လူအများစုမှာ နေပူထဲသို့ထွက်လျှင် နေရောင်ခြည်ကာကွယ်သည့် ထီး၊ ဦးထုပ်၊ ခမောက် အသုံးပြုခြင်း၊ အင်္ကျီလက်ရှည် ဝတ်ဆင်ခြင်းများ လုံးဝမပြုလုပ်ကြပါ။

 

လူတို့၏ ကျန်းမာရေးအရေးကြီးပုံနှင့် ပတ်သက်၍ “အာရောဂျံ ပရမံလာဘံ” ဟူသော ဆောင်ပုဒ်ကဲ့သို့ လူတစ်ဦး တည်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ ကျန်းမာစွာ နေထိုင်နိုင်ကြ ခြင်းသည် လာဘ်တစ်ပါးဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့အတွက် စာရေးသူသည် ယနေ့အချိန်တွင် နေ့စဉ် နံနက် ၅ နာရီ အိပ်ရာထ၍ အိမ်၏ပြင်ပတွင် နာရီဝက်ကျော်ခန့် လမ်း လျှောက်ခြင်း၊ ဇနီးသည်သည်လည်း နံနက်စာ ထမင်းဟင်းချက် ပြုတ်လျက် ၅ ပင် x ၃ ပင် တိုက်အိမ်၏ အရှေ့နှင့်အနောက် အိမ်အတွင်း၌ လမ်းလျှောက်ခြင်း၊ အသက် ၈၄ နှစ်ရှိပြီဖြစ်သော ဇနီး၏ မိခင်ကြီးပင်လျှင် အိမ်တွင်း၌ လမ်းလျှောက်ခြင်း၊ နားခြင်းများ နေ့စဉ်ပြုလုပ်လျက်ရှိပါသည်။

 

ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် အိုဇုန်းလွှာနှင့် နေရောင်ခြည်ဘေးဥပဒ်ကို စာရေးသူတို့ မိသားစု သိရှိ ရှောင်ရှားနေသကဲ့သို့ ယခုဆောင်းပါးကို ဖတ်ရှုနေသူများသည် လည်း တစ်စွန်းတစ်စ သိရှိထားကြမည်ဟု ထင်ပါသည်။ သို့ရာ တွင် “ပညာရှိ သတိဖြစ်ခဲ” ဆိုသကဲ့သို့ သိရှိထားပြီးသူများ လည်း ပြန်လည်သတိရစေရန်နှင့် မသိရှိသေးသူများလည်း သိရှိနိုင်စေရန် စာရေးသူ လေ့လာထားသော သိပ္ပံစာရေးဆရာများ၏ ဆောင်းပါးများမှ ထုတ်နုတ်တင်ပြသွားပါမည်။

 

အိုဇုန်းလွှာဆိုသည်မှာ

 

ဓာတုဗေဒ ဖွဲ့စည်းပုံအရ အောက်ဆီဂျင် အက်တမ် သုံးလုံးပေါင်းစပ်ရာ ဖြစ်ပေါ်လာသော ဓာတ်ငွေ့သည် အိုဇုန်း ဓာတ်ငွေ့ ဖြစ်ပါသည်။ ယင်းအိုဇုန်းလွှာသည် ကမ္ဘာ့့မြေပြင် အထက် ခြောက်မိုင်မှ ၃၁ မိုင်အတွင်းရှိ ကမ္ဘာ့့လေထု၏ ဒုတိယ အလွှာဖြစ်သည့် “စထရက်တိုခမီးယား” အလွှာတွင် တည်ရှိပါ သည်။ ဂရိဘာသာစကားအရ အိုဇုန်း၏ အဓိပ္ပာယ်မှာ အနံ့ထွက်သည်ဟု အဓိပ္ပာယ်ရပါသည်။ ယင်းသည် အပြာရောင် ဖျော့ဖြစ်၍ အနံ့နှင့် အဆိပ်ပြင်းသော ဓာတ်ငွေ့တစ်မျိုးဖြစ်ပါ သည်။ စထရက်တိုခမီးယားအလွှာတွင် အထူ သုံးစင်တီမီတာ ခန့်ရှိပြီး နေရောင်ခြည်တွင်ပါရှိသည့် ခရမ်းလွန်ရောင်ခြည် (B) (ခ-အမျိုးအစား) ကို ကောင်းစွာ စုပ်ယူနိုင်သဖြင့် ကမ္ဘာ့ မြေသို့ မကျရောက်အောင် ကာကွယ်ပေးပါသည်။

 

 

အိုဇုန်းလွှာ ပျက်စီးမှုဖြစ်စဉ်

 

လူသားတို့နေထိုင်ရာ ကမ္ဘာ့ကြီးနှင့် ပတ်ဝန်းကျင် အာကာသအတွင်းသို့ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ နေကြသော သိပ္ပံပညာရှင်များသည် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် အန္တာတိက ကောင်းကင်ပြင်တွင် အိုဇုန်းလွှာပေါက် နေသည်ကို စတင်တွေ့ရှိခဲ့သည်။ ၁၉၈၂ ခုနှစ်နောက်ပိုင်းတွင် အာတိတ်ဒေသ၌လည်း အိုဇုန်းလွှာပျက်စီးမှုကိုပါ တွေ့ရှိခဲ့ကြသည်။ ထို့နောက် ၁၉၈၅ ခုနှစ်တွင် အန္တာတိက ဒေသတွင် အခြေပြုနေသော ဗြိတိသျှ သုတေသနစခန်းမှ သိပ္ပံပညာရှင်များက တောင်ဝင်ရိုးစွန်းဒေသ၏ အိုဇုန်းလွှာပေါက်ကြီးကိုလည်း ထပ်မံတွေ့ရှိ အတည်ပြု၍ ထုတ်ပြန် ကြေညာခဲ့သည်။

 

အိုဇုန်းလွှာ ပျက်စီးရခြင်း အကြောင်းရင်း

 

အိုဇုန်းလွှာ ပျက်စီးရခြင်းမှာ လူသားများ နေ့စဉ်အသုံးပြု နေကြသော လူသုံးကုန်ပစ္စည်းများမှ ထုတ်လွှတ်လျက်ရှိသော ကလိုရင်းနှင့် ဘရိုမင်းပါဝင်သော ဓာတုပစ္စည်းများကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းဓာတုပစ္စည်းများသည် လေထုအတွင်းသို့ ဓာတ်ငွေ့အဖြစ် ရောက်ရှိသွားပါက စထရက်တို ခမီးယားအလွှာရှိ အိုဇုန်းလွှာနှင့် ထိတွေ့ဓာတ်ပြုမှု အဆင့်ဆင့်ဖြစ်၍ အောက်ဆီဂျင် အက်တမ်များ ကွဲထွက် ပျက်စီးသွားခြင်း ဖြစ်ပါသည်။ သိပ္ပံပညာရှင်များ၏ လေ့လာ တွေ့ရှိချက်များအရ ကလိုရင်းအက်တမ်တစ်ခုသည် အိုဇုန်း မော်လီကျူး တစ်သိန်းအထိ ဖျက်ဆီးနိုင်ကြောင်း သိရှိရပါ သည်။

 

ကလိုရင်းနှင့် ဘရိုမင်း ထုတ်လွှတ်သော လူသုံးကုန်များ

 

အိုဇုန်းလွှာပျက်စီးမှုကို ရေရှည်ဖြစ်စေသော လူသုံးကုန် ပစ္စည်းများမှာ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ လေမှုတ်ဆေး၊ ရင်ကျပ်ရောဂါရှူဆေး၊ လျှပ်စစ်ပစ္စည်း / သတ္တုပစ္စည်း/ အီလက်ထရွန်နစ်ပစ္စည်းများကို သန့်စင်သောပစ္စည်းများ၊ မီးသတ်ဆေးဘူး၊ ပိုးမွှားကာကွယ်/ သန့်စင်ပစ္စည်းများ စသည်တို့ ဖြစ်ပါသည်။ ယင်းကဲ့သို့သော လူသုံးကုန်များ မြောက်မြားစွာရှိသော်လည်း နမူနာမျှသာ ဖော်ပြထားခြင်း ဖြစ်ပါသည်။

 

နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်

 

နေမှ နေ့စဉ်ထုတ်လွှတ်နေသော နေရောင်ခြည်တွင် ပါရ သည့် ခရမ်းလွန်ရောင်ခြည်အုပ်စု သုံးစု၏ အကျိုးဖြစ်ထွန်းမှုနှင့် အန္တရာယ် ဖြစ်စေမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

(၁)     ခရမ်းလွန်ရောင်ခြည် () သည် နံနက်ခင်း နေရောင် ခြည်တွင် ပါဝင်၍ ယင်းနှင့် လူ့အသားအရေ ထိမိပါက လူသားများ၏ ကျန်းမာရေးကို အထောက် အကူပြုပါသည်။

 

(၂)     ခရမ်းလွန်ရောင်ခြည် (B) သည် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ဖြစ်ပေါ်သော ရောင်ခြည်ဖြစ်၍ ယင်းနှင့် လူ့အသားအရေ တိုက်ရိုက်ကျရောက် ထိတွေ့ပါက ကာလကြာလျှင် အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ အရေပြားကင်ဆာ ဖြစ်ခြင်း၊ မျက်စိနာရာမှ အစပြု၍ မျက်စိမျက်ကြည်လွှာ ပျက်စီးခြင်းများ ဖြစ်နိုင်ခြေရှိ၍ အလွန်အန္တရာယ်များပါသည်။

 

 

(၃)     ခရမ်းလွန်ရောင်ခြည် (C) သည် လှိုင်းအလျားတိုသော ရောင်ခြည်လှိုင်းဖြစ်၍ လူတို့အပေါ် ကျရောက်ပါက ကိုယ်ခန္ဓာစွမ်းအားစနစ်များကို ထိခိုက်ပျက်စီးစေ သဖြင့် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါသည်။ ယင်းအပြင် လူသားများသာမက ရေနေသတ္တဝါများ သေဆုံးခြင်းနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါသည်။

 

အိုဇုန်းလွှာ၏ ကာကွယ်ပေးမှု

 

အိုဇုန်းလွှာသည် နေရောင်ခြည်မှ ထုတ်လွှတ်သည့် ခရမ်းလွန်ရောင်ခြည် B နှင့် C တို့ကို စုပ်ယူနိုင်စွမ်းရှိသဖြင့် ယင်းရောင်ခြည်လှိုင်းများ ကမ္ဘာ့မြေပြင်ပေါ်သို့ ကျရောက်လာမည့် အန္တရာယ်များကို သဘာဝအမိုးအကာ တံတိုင်းကြီးအဖြစ် အကာအကွယ် ပေးနေခြင်းဖြစ်ပါသည်။ ယခင်က ၁၉၇၀ ပြည့်နှစ် ၏ ရှေ့ပိုင်းကုန်လွန်ခဲ့သည့် နှစ်များတွင် ထိုကဲ့သို့ ကာကွယ်ပေး နိုင်ခဲ့သော်လည်း ယနေ့အခြေအနေတွင် အပြည့်အဝကာကွယ်ပေးနိုင်ခြင်း မရှိနိုင်ဟု သုံးသပ်ရပါသည်။

 

ကမ္ဘာ့နိုင်ငံများ၏ ဆောင်ရွက်ချက်

 

အိုဇုန်းလွှာကို လျော့နည်းပါးလွှာ ပျက်စီးစေသော ဓာတုပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုအား တစ်ကမ္ဘာ့လုံး ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက မွန်ထရီယယ်စာချုပ်ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် အတည်ပြုခဲ့သည်။ ယင်းနောက် ၁၉၉၂ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပြန်ပါသည်။ ၁၉၉၃ ခုနှစ်တွင် မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်နှင့် လန်ဒန်ပြင်ဆင်ချက်စာချုပ်များကို ထပ်မံရေးဆွဲခဲ့ကြပါသည်။ ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက စက်တင်ဘာလ ၁၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ယင်းနေ့ကို ကမ္ဘာ့နိုင်ငံအသီးသီးက ၁၉၉၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပ လာခဲ့ကြပါသည်။

 

မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်

 

မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဓာတုပစ္စည်းများ ထုတ်လုပ်သုံးစွဲမှု လျှော့ချရေးအတွက် ကမ္ဘာ့ ကုလသမဂ္ဂမှပြုလုပ်ခဲ့သည့် မွန်ထရီယယ်စာချုပ်၊ နောက်ဆက်တွဲ စာချုပ်၊ လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင် ပြင်ဆင်ချက်တို့တွင် ကမ္ဘာ့နိုင်ငံများနည်းတူ ပါဝင်တက်ရောက်၍ လက်မှတ်ရေးထိုး ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများထွက်ရှိသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် တင်ပို့မှုမရှိဘဲ ပြည်ပမှသာ မှာယူတင်သွင်း၍ သုံးစွဲမှုများသာ ရှိခဲ့ပါသည်။ ၂၀ဝ၇ ခုနှစ်မှစ၍ ယင်းပစ္စည်းများအနက်မှ အချို့ကို မှာယူတင်သွင်းမှု လျှော့ချခဲ့ပါသည်။ ၂၀၁၃ ခုနှစ်မှစ၍ ၂၀ဝ၉- ၂၀၁၀ ပြည့်နှစ် ပျမ်းမျှသုံးစွဲမှု အခြေခံသတ်မှတ်ချက်ထက် ကျော်လွန်မှုမရှိစေရန် ကန့်သတ်ခဲ့ပါသည်။ ယင်းနောက် ၂၀၁၅ ခုနှစ်မှစ၍ ၂၀၃၀ ပြည့်နှစ်အတွင်း ယင်းပစ္စည်းများသုံးစွဲမှု လုံးဝမရှိတော့စေရန် စီမံထားရှိပါသည်။ မြန်မာနိုင်ငံသည် နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ကို မပျက်မကွက် ကျင်းပလျက်ရှိပြီး လေထု အတွင်းရှိ ပိုလျှံ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လျှော့ချ စေရန်အတွက် နိုင်ငံအနှံ့အပြား၌ နှစ်စဉ် ဇွန်လတွင် နှစ်ရှည်ပင် များကို စီမံချက်ဖြင့် “ သစ်ပင်စိုက်ပျိုးရေးပွဲတော် “ ကျင်းပ၍ စိုက်ပျိုးခဲ့ပါသည်။

 

ကမ္ဘာကြီး ပူနွေးလာမှု

 

ကမ္ဘာ့့နိုင်ငံအများအပြားသည် အကျိုးမဲ့ဓာတ်ငွေ့များ ထွက်ရှိစေသည့် ဓာတုပစ္စည်းများ လျှော့ချရေး၊ စိမ်းလန်းစိုပြည်သော ကမ္ဘာကြီးဖြစ်ရေးအတွက်စာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ ပင်ဆင်ချက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်များ စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ကြိုးစားဆောင်ရွက်နေကြပါသည်။ ယင်းတို့ကို နှစ်တို/နှစ်ရှည် စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖော်ခဲ့ကြသော်လည်း ကမ္ဘာတစ်ဝန်းရှိ အင်ဂျင်စက် အမျိုးမျိုး၊ လောင်စာသုံးဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၊ ခေတ်သစ်မွေးမြူ/စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားအခြား သောလုပ်ငန်းမျိုးစုံ၊ နေရာမျိုးစုံတို့မှ ထွက်ပေါ်လာသည့် အကျိုးမဲ့ ဓာတ်ငွေ့များသည် ကမ္ဘာ့လေထုအတွင်း တစ်နေ့ထက် တစ်နေ့များပြားစွာ ရောက်ရှိစုရုံးလျက် ရှိပါသည်။ ယင်းဓာတ်ငွေ့များသည် ဖျောက်ဖျက်သွားခြင်းမရှိဘဲ ကမ္ဘာ့လေထုအတွင်း ကမ္ဘာ့ကြီးအား ဝန်းရံကာ ဖန်လုံအိမ်ကဲ့သို့ ဖြစ်လာနေပါသည်။ ဖန်လုံ အိမ်အတွင်းရှိ ဓာတ်ငွေ့များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလာကာ ကမ္ဘာကြီးအား ပူနွေးသည်ထက် ပူနွေးလာစေရန် ခြိမ်းခြောက်လျက်ရှိပါသည်။

 

၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် အမေရိကန်သိပ္ပံ သုတေသနပညာရှင်များ၏ ပြောကြားချက်အရ ကမ္ဘာကြီး ပူနွေးလာ၍ ရာသီဥတုပြောင်းလဲမှုကြောင့် လွန်ခဲ့သည့် ရာစုနှစ် အတွင်းဂရင်းလန်ကျွန်းနှင့် အ္တာတိကနှစ်နေရာရှိ ကမ္ဘာ့ တောင်ပေါ် ရေခဲမြစ်နှင့် ရေခဲပြင်များ အရည်ပျော်လျက်ရှိ ကြောင်း၊ ယင်းအပြင် အာဖရိကတိုက်၊ ကီလီမန်ဂျာရှိ တောင်ပေါ် မှရေခဲမြစ်များ ၈၀ ရာခိုင်နှုန်း အရည်ပျော်မှုကြောင့် လာမည့် ဆယ်စုနှစ်အတွင်း ရေခဲမြစ်များ ပျောက်ကွယ်နိုင်ကြောင်း၊ ဟိမဝန္တာနှင့်  အင်ဒီးစ်တောင်တန်းဒေသများမှ ရေခဲမြစ်များလည်း အရည်ပျော်နိုင်ကြောင်း၊ ဂရင်းလန် ရေခဲပြင်ကြီးသည်လည်း မကြာသေးမီနှစ်များအတွင်းမှ စတင်ကာ နှစ်စဉ် ၈၂ ကုဗကီလိုမီတာ နှင့် ၂၂၄ ကုဗကီလိုမီတာအကြား ရေခဲများ အရည်ပျော်လျက်ရှိကြောင်း၊ အန္တာတိက ဒေသတစ်ခုလုံး အခြေအနေမှာ အဆိုးရွားဆုံးဖြစ်ကြောင်း ရေခဲများ၊ အရည် ပျော်မှုကြောင့် ၂၀ ရာစုနှစ် အတွင်း ပင်လယ်ရေမျက်နှာပြင်သည် ပျမ်းမျှ ၁၅ စင်တီမီတာမှ ၂၀ စင်တီမီတာအတွင်း မြင့်တက်လာ နိုင်ကြောင်း၊ ပင်လယ်ရေ မြင့်တက်လာမှုကြောင့် ကျွန်းစုနိုင်ငံ များနှင့် ကမ်းခြေဒေသရှိ မြို့ကြီးများ ရေဘေးအန္တရာယ်် စိုးရိမ်ရကြောင်း ၂၁ ရာစုအဆုံးတွင် ကမ္ဘာ့ဝင်ရိုးစွန်းများမှ ရေခဲတောင်များ အရည်ပျော်ကျမှုကြောင့် ပေါ်ပေါက်လာမည့် ကုန်းမြေများအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ များစွာ ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ယင်းဓာတ်ငွေ့များသည် သစ်ပင်တို့၏ စုပ်ယူနိုင်မှု ပမာဏထက်များစွာ ကျော်လွန်မည် ဖြစ်၍ ပိုသောဓာတ်ငွေ့များသည် ကမ္ဘာ့လေထုအတွင်း ရောက်ရှိ၍ ကမ္ဘာကြီး ပိုမိုပူနွေးလာနိုင်ကြောင်း သိရှိခဲ့ရပါ သည်။

 

ရာသီဥတုပြောင်းလဲမှုနှင့် ယနေ့အခြေအနေ

 

အိုဇုန်းလွှာပျက်စီးမှုမှအစပြု၍ ကမ္ဘာကြီးပူနွေးလာရာမှ ကမ္ဘာရာသီဥတုများသည်လည်း ရှေးယခင်ကကဲ့သို့ မဟုတ်ဘဲ ဆိုးရွားစွာ ပြောင်းလဲလာလျက် ရှိပါသည်။ စာရေးသူလေ့လာ တွေ့ရှိချက်များ တင်ပြရသော် ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်သမုဒ္ဒရာ ရေစီးကြောင်းများ ပူနွေးလာရာမှ အယ်လ် နီညိုရာသီဥတုကို ဖြစ်စေပါသည်။ ယင်းရာသီဥတုမှာ မိုးရွာ သွန်းမှုလျော့နည်းခြင်း၊ နွေရာသီအပူအချိန်မြင့်မားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ ရေရှားခြင်း၊ အပူကြောင့် ကျန်းမာရေး ပြဿနာများကြုံတွေ့နိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ယင်းနှင့် ဆန့်ကျင်ဘက် လာနီညာရာသီဥတုမှာ မိုးများခြင်း၊ စွတ်စို ထိုင်းမှိုင်းခြင်း၊ အအေးလွန်ကဲခြင်းစသည်တို့ ဖြစ်တတ်ပါသည်။ ယနေ့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်း ခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းများ မကြာခဏ ဖြစ်ပေါ် ခြင်း၊ ငလျင်များ မကြာခဏလှုပ်ခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်း၊ တောမီးများ အလိုအလျောက် လောင်ကျွမ်းခြင်း၊ အပူချိန်မြင့်မားခြင်း၊ အအေးလွန်ကဲခြင်း၊ ရေရှားပါး၊ ပြတ်လပ်ခြင်း စသည်များ ကြုံတွေ့ခံစားရလျက် ရှိပါသည်။

 

လေထုညစ်ညမ်းမှု

 

သဘာဝသစ်တောသစ်ပင်များ၏ စုပ်ယူမှုပမာဏထက် ကျော်လွန်ပိုလျှံနေသော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ၊ မီးခိုးများ၊ ဖုန်မှုန့်များ၊ အဆိပ်အတောက်များနှင့် ရောဂါ ပိုးများသည် ကမ္ဘာ့မြေပြင်အထက် လေထုအတွင်း ရောက်ရှိနေ ကြပါသည်။ ကမ္ဘာ့မြေပြင်အထက် လေထုသည် အချို့နေရာများ၌ အသက်ရှူရနအန္တရာယ်ရှိနေကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ဖော်ပြထားသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများ ပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။

 

ရွှေရတုသို့ တိုင်တော့မည်

 

အချုပ်အားဖြင့် တင်ပြရသော် ၁၉၇၀ ပြည့်နှစ်နောက် ပိုင်းတွင် အန္တာတိကဒေသရှိ အိုဇုန်းလွှာစတင်ပျက်စီးမှုသည် ၂၀၂၀ ပြည့်နှစ်သို့ ရောက်လျှင် နှစ် ၅၀ ရွှေရတုတိုင်တော့မည် ဖြစ်ပါသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီး သည် အကျိုးမဲ့ဓာတ်ငွေ့များ ထွက်ပေါ်စေမည့် ဓာတုလူသုံး ကုန်ပစ္စည်းများထုတ်လုပ်မှု လျော့စေရေး ရေးဆွဲထားသည့် စာချုပ်များ၊ ပြင်ဆင်ချက်များအပေါ် နှစ်တို/ နှစ်ရှည် စီမံချက်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြပါသည်။ မိသားစုတစ်စုတွင် မွေးဖွားလာသော ညီအစ်ကို မောင်နှမများပင်လျှင် စိတ်ဓာတ်များ မတူညီသည်ဖြစ်ရကား မြောက်မြားစွာသော ကမ္ဘာ့နိုင်ငံများသည်လည်း တူညီကြမည် မဟုတ်ကြပါ။ ထို့ကြောင့် ၎င်းကိစ္စအား လုပ်ဆောင်သည့် နိုင်ငံရှိသကဲ့သို့ မလုပ်ဆောင်နိုင်သည့် နိုင်ငံများလည်း ရှိနိုင်ပါသည်။ လူတစ်ဦးသည် သစ်ပင်တစ်ပင်ကို ဖြစ်ထွန်းရှင်သန်အောင် မစိုက်ပျိုးနိုင်သော်လည်း သစ်ပင် ၁၀ ပင်ကိုမူ အချိန်တိုအတွင်း လျင်မြန်စွာ ခုတ်လှဲနိုင်ကြပါသည်။ သို့ဖြစ်၍ ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်သည် လူတို့၏ ပယောဂကြောင့် တစ်နေ့တခြား ပိုမိုယိုယွင်းပျက်စီးလာနေသည်ကို မြန်မာနိုင်ငံသားများ နားလည်သဘောပေါက်သင့်ကြပြီ ထင်ပါသည်။

 

ဆောင်ရန်၊ ရှောင်ရန်

 

ယခုကဲ့သို့ အိုဇုန်းလွှာပျက်စီးမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု ဖြစ်စဉ်သည် လူသားတိုင်းတွင် တာဝန်ရှိသည် ဖြစ်သည့်အလျောက်- နိုင်ငံသား တစ်ဦးချင်းအနေဖြင့် လက်လှမ်းတမီ အနီးစပ်ဆုံး လုပ်သင့်သည့် အကြောင်းအရာများ ရှိပါသည်။ ယင်းတို့မှာ ဆေးလိပ်သောက်ရာမှ မီးခိုးထွက်ခြင်း၊ ဖွဲ/ထင်း မီးဖိုများမှ မီးခိုးထွက်ခြင်း၊ အမှိုက်မီးရှို့၍ မီးခိုးထွက်ခြင်း စသည့် မီးခိုးထွက်စေမည့် ကိစ္စများကို နည်းပါးအောင် ဆောင်ရွက်ရပါမည်။ မိမိပိုင် မြေကွက်လပ်များရှိပါက နှစ်ရှည်ပင်များ စိုက်ပျိုးရပါမည်။ သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပါကလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားရပါမည်။

 

သို့ဖြစ်ရာ ဤဆောင်းပါးကို ဖတ်ရှုသူများအနေဖြင့် ဆောင်းပါးပါ ဖြစ်စဉ်များသည် မိမိမှစ၍ မိသားစု၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ နိုင်ငံအထိ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည် ဖြစ်သဖြင့် မိုးပြိုအများဟု သဘောမထားဘဲ တစ်ဦးချင်းဆိုင်ရာ လုပ်သင့်လုပ်ထိုက်သည်များကို တစ်ထောင့်တစ်နေရာမှ လုပ်ဆောင်ကြစေရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

 

မြန်မာ့အလင်း