ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု၌ အမေရိကန်ကုမ္ပဏီများကြီးစိုးထား

အမေရိကန်ပြည်ထောင်စုသည် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့အကြီးမားဆုံး စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း ဆွီဒင်နိုင်ငံ အခြေစိုက် သုတေသနအဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။

ကမ္ဘာပေါ်တွင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချသည့် အကြီးမားဆုံးကုမ္ပဏီ ၁၀ဝ စာရင်းတွင် အမေရိကန်ပြည်ထောင်စုမှ ကုမ္ပဏီ ပေါင်း ၄၂ ခုပါဝင်ပြီး ၂၀၁၇ ခုနှစ်အတွင်း ၎င်းတို့၏ စစ်လက်နက်ရောင်းချရမှုမှာ ၂ ရာခိုင်နှုန်းတိုးမြင့်တက်လာကာ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၆ ဒသမ ၆ ဘီလီယံရှိကြောင်း၊ ယင်းပမာဏမှာ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက် ထုတ်လုပ်ရောင်းချမှုတန်ဖိုး၏ ၅၇ ရာခိုင်နှုန်းဖြစ်ကြောင်း စတော့ဟုမ်းမြို့မှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (အက်စ် အိုင်ပီအာရ်အိုင်) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

အမေရိကန်လုံခြုံရေးနှင့် လေကြောင်းအာကာသ လုပ်ငန်းကုမ္ပဏီ ဖြစ်သည့် လော့ခ်ဟိဒ်မာတင်ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်အတွင်းတွင် ကမ္ဘာ့ အကြီးဆုံး စစ်လက်နက် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီအဖြစ်ရပ်တည်ခဲ့ပြီး ယင်းနှစ်အတွင်း အဆိုပါကုမ္ပဏီမှ ရောင်းချခဲ့သည့် စစ်လက်နက်ပစ္စည်းတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၉ ဘီလီယံဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖော်ပြသည်။

၂၀၁၇ ခုနှစ်အတွင်း၌ ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စစ်လက်နက် ပစ္စည်းထုတ်လုပ်တင်ပို့ရောင်းချသည့် ဒုတိယအကြီးမားဆုံး နိုင်ငံဖြစ်လာခဲ့သည်။ ရုရှားစစ်လက်နက် ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ ၁၀ ခု၏ စစ်လက်နက် ပစ္စည်းပေါင်းစပ်ရောင်းချမှုသည် ယင်းနှစ်အတွင်း ၈ ဒသမ ၅ ရာခိုင်နှုန်းတိုးမြင့် ခဲ့ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၇ ဘီလီယံရှိသည်။

ယင်းပမာဏမှာ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ဈေးကွက်၌ ထိပ်တန်း ကုမ္ပဏီ ၁၀ဝ ၏ ရောင်းချရမှု စုစုပေါင်းတန်ဖိုး၏ ၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

ဆင်ဟွာ