လာအိုနိုင်ငံက ကျိုးကျခဲ့တဲ့ ဆည်မှာ မကျိုးကျခင်တစ်ရက်က အပျက်အစီးအား တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ကုမ္ပဏီထုတ်ဖော်ပြောကြား

၂၅ ဇူလိုင်

လာအိုနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ယူမယ့်ဆည်တစ်ခု ကျိုးကျခဲ့ရာ ဆည်အနီးရှိ ရွာတွေ ရေမြုပ်ကုန်သလို ရာချီတဲ့ လူတွေ ပျောက်ဆုံးလျက်ရှိသည်။ အဆိုပါ ဆည်ကျိုးမကျခင် တစ်ရက်အလို  က ဆည်အပေါ်ပိုင်းရှိ အရန်ဆည်တွင် ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးမှုကို တွေ့ရှိခဲ့ကြောင်း လာအိုနိုင်ငံ ရေအားလျှပ်စစ်စီမံကိန်းတွင် ဖက်စပ်လုပ်ကိုင်နေသည့် တောင်ကိုရီးယား ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ဆည် ကျိုးမကျခင် ဆည်အပေါ်ပိုင်းရှိ အရန်ဆည်တွင် ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးမှုကို တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၉ နာရီက တွေ့ရှိခဲ့ကြောင်း၊ အဲဒီနောက် တနင်္လာနေ့ မနက် ၃ နာရီကစပြီး ရေဖိအားနည်းအောင် အရန်ဆည်မှ ရေများဖောက်ချကြောင်း၊ တနင်္လာနေ့ နေ့လယ် ၁၂ နာရီမှာ အနီးနားက ရွာများအား ရွှေ့ပြောင်းမှုတွေ စတင်လုပ်ဆောင်နေရာ ညနေ ၆  နာရီတွင် ဆည်မှာ ဆိုးဆိုးရွားရွား အပျက်အစီးဖြစ်ခဲ့သည်။ အဲဒီနောက် အင်္ဂါနေ့ မနက် ၁နာရီ ခွဲတွင်း အနီးနားက ရွာတစ်ရွာစတင် ရေမြုပ်လာခဲ့ပြီး နံနက် ၉ နာရီခွဲအရောက်မှာ ၇ ရွာအထိ ရေမြုပ်သွားခဲ့ကြောင်း သိရသည်။

SK Engineering & Construction အမည်ရှိ တောင်ကိုရီးယား ဆောက်လုပ်ရေး ကုမ္ပဏီသည် အဆိုပါ ဆည်တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်ခဲ့သည့် တွဲဖက် ကုမ္ပဏီတစ်ခု ဖြစ်ပြီး တနင်္ဂနွေနေ့ ညပိုင်း ဒေသစံတော်ချိန် ၉ နာရီလောက်က ပျက်စီးနေသည့် အပိုင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ချက်ချင်း အကြောင်းကြားခဲ့တယ်။ ဆည်အောက်ပိုင်းက ကျေးရွာတွေကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်” ဟု ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။

ပြန်လည် ပြုပြင်ရေးလုပ်ငန်းတွေဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှောင့်နှေးခဲ့ရပြီး တနင်္လာနေ့ နံနက်ပိုင်းတွင် အရန်ဆည်ရှိ ရေဖိအားကို လျှော့ချရန် အဓိက ဆည်နှစ်ခုအနက် ဇီနမ်နွိုင်း ဆည်မှ ရေများကို ဖောက်ထုတ်ခဲ့ရသည်။ နေ့လယ်ပိုင်းတွင် အစိုးရက ဆည်အောက်ပိုင်းရှိ  ကျေးရွာများကို ဆည်ပျက်စီးမှုအား လိုက်လံ သတိပေးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်းဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်။ ၎င်းနောက် နာရီအနည်းငယ်အကြာတွင် ဆည်ကျိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်္ဂါနေ့နံနက်ပိုင်းတွင် ဆည်အောက်ပိုင်း ကျေးရွာ ၁၂ ရွာအနက် ၇ ရွာမှာ ရေလွှမ်းမိုးသွားခဲ့သည်။ ကောင်းကင်မှ ရိုက်ကူးထားသည့် ပုံများတွင် ရေနစ်မြုပ်နေသည့် အိမ်များနှင့် နေရာအတော်များများကို ရေများဝင်ရောက်နေသည်ကို တွေ့ရသည်။ အခြား ဗီဒီယိုတစ်ခုတွင် ရေလွှမ်းမိုးနေသည့် ဗုဒ္ဓဘာသာ ဘုရားကျောင်းအနီးရှိ အိမ်အမိုးများပေါ်တွင် ကယ်ဆယ်ရေးအဖွဲ့များကို စောင့်နေကြသည့် ဒေသခံများကို တွေ့ရသည်။

တောင်ကိုရီးယား ကုမ္ပဏီဘက်က အဆိုပါ ဒေသသို့ အရေးပေါ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပြီး ရဟတ်ယာဉ်များ၊ လှေများနှင့် ကယ်ဆယ်ရေး လုပ်သားများလည်း စေလွှတ်ထားသည်။ ကုမ္ပဏီအနေနှင့် ဒေသခံများအား ကယ်ဆယ်ရေးလုပ်ငန်းကို အားသွန်ခွန်စိုက် ဆောင်ရွက်နေပြီး ပျက်စီးဆုံးရှုံးမှုများကို လာအို အစိုးရနှင့် ပူးပေါင်းကာ ပြန်လည် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

လာအိုနိုင်ငံသည် ကုန်းတွင်းပိတ် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းနေသည့် မြစ်များပေါ်တွင် ဆည်များတည်ဆောက်ကာ ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံများအား ရေအား လျှပ်စစ်ရောင်းချနေသည့် နိုင်ငံတစ်ခုဖြစ်သည်။

ယခုကျိုးကျခဲ့သည် ဆည်သည် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ အကုန်အကျခံပြီး လာအို- ကမ္ဘောဒီးယား နယ်စပ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဗီယင်ကျန်း အခြေစိုက်  Xe Pian Xe Namnoy  စွမ်းအင် ကုမ္ပဏီ နှင့် ၂၀၁၂ ခုနှစ်က ပူးတွဲစာချုပ် ချုပ်ဆိုပြီး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ စီမံကိန်းတွင် ထိုင်းကုမ္ပဏီတစ်ခုနှင့် တောင်ကိုရီးယား ကုမ္ပဏီနှစ်ခုလည်း ပူးပေါင်းပါဝင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်စီးပွားဖြစ် လျှပ်စစ် စွမ်းအင် ၄၁၀ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရန် မျှော်မှန်းထားပြီး  စီမံကိန်းမှ ရရှိသည့် စွမ်းအင် ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ရောင်းချရန်နှင့် ကျန်ရှိသည့် စွမ်းအင်ကို ဒေသခံများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

SMZaw (MDN)

ကိုးကား - AFP