လာအိုတွင် ဆောက်လုပ်ဆဲ ရေလှောင်တမံ ပြိုကျ နှစ်ဦးသေဆုံး၊ အများအပြား ပျောက်ဆုံး

၂၅ ဇူလိုင်

လာအိုနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားကာ ဆောက်လုပ်ဆဲရေလှောင်တမံ တစ်ခုပြိုကျခဲ့ပြီးနောက် ရွာသားများပျောက်ဆုံးနေကြောင်း၊ လူနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း  နိုင်ငံပိုင် အွန်လိုင်းသတင်းစာ ဗီယင်ကျန်း တိုင်းမ် တွင်ဖော်ပြထားသည်ဟု ပြည်နယ်အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို ချီပိန်-ချီနမ် နွိုင် ရေအားလျှပ်စစ်ရေလှောင်တမံ  တနင်္လာနေ့ညက ပြိုကျခဲ့ကာ အိမ်မျက်နှာကြက်ထိ  ရေမျက်နှာပြင် မြင့်တက်လာပြီး ရွာသားများနှင့်တိရစ္ဆာန်များ အိမ်ခေါင်မိုးထိပ်ဖျားပေါ်တွင် တက်ရောက်နေပုံများနှင့် ဗီဒီယို ဖိုင်များကို ဆိုရှယ်မီဒီယာများတွင် ဖော်ပြထားသည်။ ရေလွှမ်းမိုးခြင်းမှ လွတ်မြောက်ရန် ရွာသားများသည် မိမိတို့အိမ်ခေါင်မိုးပေါ်သို့ တက်ရောက်နေကြပြီး အချို့သောသူများမှာမူ သစ်ပင်ပေါ်တက်ပြေးကြကြောင်း အမည်မဖော်လိုသူ ပြည်နယ်ကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက  ပြောကြားခဲ့သည်။

ရဟတ်ယာဉ်များ၊စက်လှေများဖြင့် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဘွန်ဟုမ်း ကပြောကြားသည်ဟု  ဗီယင်ကျန်း တိုင်မ်းသတင်းစာတွင် အင်္ဂါနေ့က ဖော်ပြထားသည်။ လူအချို့ကို ကယ်တင်နိုင်ခဲ့ပြီး ခရိုင်ရှိ မြို့တော်စည်ပင် အဆောက်အဦတွင် ခိုလှုံနေကြကြောင်း သိရသည်။

လာမည့်နေ့ရက်များတွင် အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများရှိ အချို့နေရာဒေသများ၌ မိုးသက်လေပြင်းများ ပိုမိုပြင်းထန်လာနိုင်ကြောင်း လာအို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ကသတိပေးချက်များ ထုတ်ပြန်ထားသည်။ လာအိုအစိုးရက အဆိုပါရေလွှမ်းဒေသများကို အရေးပေါ်ဘေးအန္တရာယ်ဇုံဟု အင်္ဂါနေ့ ကကြေညာခဲ့ပြီးစီစဉ်ထားသော အစိုးရအစည်းအဝေးကို လာအိုဝန်ကြီးချုပ် သောင်လွမ် ကဆိုင်းငံ့ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အပူတပြင်းအားထုတ် လုပ်ဆောင်နေကြောင်း သိရသည်။

တောင်ကိုရီးယား၊ ထိုင်းနှင့် လာအိုကုမ္ပဏီများ ဖက်စပ်ထားသောချီပိန်-ချီနမ်နွိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ထားသော ချီပိန်-ချီနမ် နွိုင် ရေအားလျှပ်စစ်စီမံကိန်းသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁.ဝ၂ ဘီလီယံ တန်ဖိုးရှိ ပြီးလျှပ်စစ်ဓါတ်အားထုတ်လွှင့်မှုမှာ နှစ်စဉ်  ၁၈၆၀ ဂျီဂါဝပ် နီးပါး ရရှိနိုင်ကြောင်း ဖော်ပြထားသည်။

၂၀ဝ၈ ခုနှစ် နိုဝင်ဘာလ တွင် အဆိုပါရေအားလျှပ်စစ်စီမံကိန်းအတွက် ဖြစ်နိုင်ခြေရှိသောလေ့လာမှုပြီးစီးခဲ့ပြီး ၎င်းစီမံကိန်း တည်ဆောက်ရေးကို ၂၀၁၃ ဖေဖော်ဝါရီလတွင် စတင်ခဲ့သည်ဟုဆိုသည်။

ကိုးကား ဆင်ဟွာ

ဘာသာပြန် မြင့်မြင့်ချို