လူမှုဖူလုံရေးအကျိုးခံစားခွင့်များနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များဆိုင်ရာ စကားဝိုင်း

လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် စကားဝိုင်းဆွေးနွေးပွဲ တတိယပိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနု၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးနှင့် ILO မှ အရာရှိ ဒေါက်တာ သိန်းသန်းဌေးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

ယမန်နေ့မှအဆက်

အစီအစဉ်မှူး ။ ။ လူမှုဖူလုံရေး အလုပ်သမားတွေအပေါ် ဝန်ဆောင်မှုပေးတယ်။ ပြုပြင်ပြောင်းလဲမှုတွေ တစ်ပြိုင်နက် လုပ်ဆောင်ပေးနေတဲ့အပေါ်မှာ အလုပ်ရှင်တွေရဲ့ အမြင်တွေကရော ဘယ်လိုများရှိမလဲ သိပါရစေ။

အလုပ်ရှင်ကိုယ်စားလှယ် ။ ။ အတူတူပါပဲ အင်မတန်ကောင်းတဲ့ အစီအစဉ်တွေလို့ ပြောလိုပါတယ်။ IT Reform ဆိုရင် အလုပ်သမားကိုယ်စားလှယ် ပြောကြားသွားသလိုပါပဲ။ ကျွန်တော်တို့ အလုပ်ရှင်တွေက ကိုယ့်အလုပ်သမားဟာ မှတ်ပုံတင် ထားသလား၊ အကျုံးဝင်လုပ်သားဖြစ်ရဲ့လားဆိုတဲ့ အနေအထားကို ကြုံရပါတယ်။ အချို့ကျတော့ သူတို့ရဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားကိုက လက်လွှဲပြီးသုံးထားတယ်။ ဒါကြောင့် ဒီဘက်မှာ  SSB နဲ့ ပတ်သက်တဲ့ နံပါတ်ရဖို့ ခက်တာတွေရှိတယ်။ အခု Reform တွေက အများကြီး အကျိုးရှိတယ်။ Medical Reform ဆိုတာလည်း ကျွန်တော်တို့အားလုံး မျှော်လင့်နေ ကြပါတယ်။ အလုပ်သမားတွေ အဆင်ပြေပြေနဲ့ ကျန်းမာရေး အနီးကပ်စောင့်ရှောက်မှု ရနိုင်မှာပါ။

အစီအစဉ်မှူး ။  ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အလုပ်သမားကိုယ်စားလှယ် ဘက်ကလည်း ပြောပြပေးပါဦး။

အလုပ်သမားကိုယ်စားလှယ် ။ ။ ကျွန်မတို့ကလည်း အခုလို ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို ကြိုဆိုပါတယ်။ ဒီနေရာကနေ ပြောချင်တာကတော့ ကျွန်မတို့ရဲ့ အလုပ်သမား ညီအစ်ကို မောင်နှမတွေ နည်းပညာစနစ်ကို သုံးတဲ့နေရာမှာ လိုက်ပါပေးကြဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း ဒီလိုနည်းပညာသစ်တွေကို မသုံးဘဲနေလို့ မရတော့ပါဘူး။ အကျိုးခံစားခွင့်တွေကို ပိုပြီး လွယ်လွယ်ကူကူ ခံစားလို့ရမယ်။ အခုလို ရုံးစာအဝင်အထွက်ကို အီလက်ထရွန်နစ်နဲ့သွားမယ်။ အီးမေးလ်အသုံးပြုပြီး အချက်အလက်တွေ ပေးပို့ မယ်။ ဒီလိုမျိုးဆိုရင် အရာရာမြန်ဆန်ပြီး ပိုထိရောက်လာနိုင်သလို ကုန်ကျစရိတ်လည်း အများကြီး သက်သာသွားမယ်။ ဒီနေရာမှာ အရေးကြီးတာက ကျွန်မတို့ ညီအစ်ကိုမောင်နှမ အလုပ်သမားတွေဟာ အမီလိုက်ပြီး ဒီစနစ်ထဲမှာ အသားကျစွာနဲ့ လိုက်ပါပြောင်းလဲနိုင်ကြဖို့ ကျွန်မက အကြံပြုပါတယ်။

နောက်တစ်ခုကတော့ Legal Reform နဲ့ ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် သဘောတူညီပြီးပါပြီ။ ကျွန်မတို့က အလုပ်သမား၊ အလုပ်ရှင် အဓိပ္ပာယ်ဖွင့်ဆိုချက်ကအစ ခေတ်မီအောင် လိုက်ပြောင်းလဲဖို့ လိုပါတယ်။ ကျွန်မတို့ တတ်နိုင်တဲ့ဘက်ကနေ အားလုံး ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အဓိကစဉ်းစားတာမှာ နိုင်ငံက အရာရာ နောက်ကျနေသေး တယ်ဆိုပေမယ့် နောက်ကျတာကို အခွင့်အလမ်းတစ်ခုအနေနဲ့လည်း ပြန်သုံးကြဖို့ လိုပါတယ်။ သူများနိုင်ငံမှာ မှားခဲ့တဲ့ အမှားတွေကို ကျွန်မတို့ မမှားတော့ဘူး။ ခုန်ပျံကျော်လွှားသွားကြမယ်။ ပိုပြီးတော့ ခေတ်နဲ့ ညီတဲ့စနစ်ကို ကူးပြောင်းကြမယ်။ မူဝါဒတွေ ချမှတ်ရာမှာ ပိုပြီးအားလုံးပါဝင်နိုင်အောင် အားလုံး စာဖတ်ကြဖို့၊ ပြောင်းချင်တဲ့ အမြော်အမြင်ရှိဖို့ လိုပါတယ်။ ဒါတွေကိုလည်း အားလုံးသိရှိအောင် သက်ဆိုင်ရာအဆင့်ဆင့်ကို ပေးပို့ဖို့ လိုအပ်ပါတယ်။ ဒါတွေကို ထည့်သွင်းပြီးတော့လည်း စဉ်းစားပေးဖို့ လိုပါတယ်။

ဥပမာပြောရရင် Technical Expect  တွေ ရှိပါတယ်။ ကျွန်မတို့ ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းမှာ မပါနိုင်ပေမယ့် ရှိထားပြီးသား ပညာရှင်တွေရဲ့ လုပ်ဆောင်ချက်အပေါ် ကိုယ်နိုင်တဲ့ဘက်ကနေ အားလုံးအကျုံးဝင်ဖြစ်စေဖို့ ပူးပေါင်းပါဝင်ကြပါလို့ ထပ်လောင်း ပြောကြားလိုပါတယ်။

အစီအစဉ်မှူး ။ ။ အခုဆွေးနွေးရမှာက Re- form (ပြုပြင်ပြောင်းလဲမှု)နဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါ ILO နဲ့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ILO ရဲ့ National Officer ဒေါက်တာ သိန်းသန်းဌေးကို မေးမြန်းလိုပါတယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်နေတယ် ဆိုတာကို အများပြည်သူသိအောင် ပြောပြပေးပါ။

ILO ကိုယ်စားလှယ် ။ ။ ကျွန်တော်တို့ ILO က တကယ်ကို ထဲထဲဝင်ဝင် ဆောင်ရွက်နေတာဖြစ်လို့ ပထမဆုံးမြင်တာ ကတော့ လက်ရှိလူမှုဖူလုံရေးစနစ်သည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကနေ အမွေခံလာတဲ့ လူမှုဖူလုံရေး ဖြစ်ပါတယ်။ စနစ်ကတော့ ဥပဒေသစ်နဲ့ သွားနေ ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂၊ ၂၀၁၃ ကြားမှာ အာမခံ အလုပ်သမား ခုနစ်သိန်းပဲ ရှိခဲ့တယ်။ ၂၀၁၄ ဧပြီ ကနေ အခုအချိန်အထိ လေးနှစ်ကျော်မှာ အာမခံ အလုပ်သမားဦးရေက နှစ်ဆလောက် တိုးလာတယ်။ ၁၂ သိန်းခွဲ ဖြစ်သွားပါတယ်။ ဒါပေမယ့် ဝန်ထမ်းက နှစ်ဆတိုးမလာဘူး။ စနစ်က နှစ်ဆ ပိုမြန်မလာဘူး။

လူမှုဖူလုံရေး အဖွဲ့အစည်းဆိုတာမျိုးဟာ ရေတိုအဖွဲ့အစည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံကြီး တည်ရှိနေသရွေ့ လူမှုဖူလုံရေးဟာ ဆက်လက် တည်ရှိနေရမှာပါ။ အာမခံအလုပ်သမားတွေရဲ့ ထည့်ဝင်ကြေးသည် တစ်နှစ်ကစပြီး နှစ်ပေါင်း ၆၀ အထိ ထိန်းသိမ်းထားဖို့ လိုပါတယ်။ အခုလက်ရှိ အနေအထားအရ အာမခံစနစ်သုံးမျိုးမှာ မိသားစု အာမခံစနစ်ဆိုရင် ဒီစနစ်ကို အကျိုးခံစားခွင့်ရဖို့ ၃၆ လ ထည့်ဝင်ကြေးကို တစ်ရွက်ချင်း ပြန်လှန် တယ်ဆိုရင် ၃၆ ခါ ပြန်လှန်ရတယ်။ အယောက် တစ်သန်းရဲ့ လုပ်ငန်းဆိုရင် ဘယ်လောက်ဖြစ်မလဲ။ ဒီအတိုင်းဆက်သွားဖို့ မဖြစ်ဘူးဆိုတာ ကျွန်တော်တို့ လူမှုဖူလုံရေးက ကောင်းကောင်း သဘောပေါက်ပါတယ်။

အိုင်တီစနစ်
ဒါကြောင့် ILO နဲ့ ပေါင်းပြီး အိုင်တီစနစ်ကို စပြီးပြုပြင်ပြောင်းလဲရေးလုပ်ရအောင်၊ နိုင်ငံတကာ စံချိန်စံညွှန်းမီတဲ့ စနစ်ကြီး လုပ်ရအောင်၊ အဲဒီမှာ လူမှုဖူလုံရေးအဖွဲ့ရဲ့ စဉ်းစားပုံလေးကောင်းတာကို ချီးကျူးပါတယ်။ အိုင်တီစနစ်ပြုပြင်ပြောင်းလဲရေး သည် အလုပ်ရှင်လည်း သုံးရပါမယ်၊ အလုပ်ရှင်ကလည်း ထည့်ဝင်ကြေးပေးထားတာကြောင့် အလုပ်သမားက အကျိုးခံစားရတာပါ။ ဒါကြောင့် သူတို့ လည်း အိုင်တီစနစ်မှာ ပါဝင်သင့်ပါတယ်။ ဒီစနစ်ကြီးက သုံးနှစ်ပြီးသွားရင် အလုပ်ရှင် အလုပ်သမား အစိုးရ ဘက်ပေါင်းစုံက သုံးလာရမယ့် နည်းပညာစနစ်ကြီး ဖြစ်လာပါမယ်။ ပြည့်စုံတဲ့ သတင်းအချက် အလက်အတော်များများဟာ အလုပ်ရှင်ဆီကနေ လူမှုဖူလုံရေးကို လာပါတယ်။ လူမှုဖူလုံရေး အကျိုးခံစားခွင့်သည် အလုပ်သမားကို ပေးလိုက်တဲ့ အချို့ ကိစ္စတွေသည် အလုပ်ရှင်လည်း သိရှိနိုင်ပါတယ်။ အားလုံးသိရမယ်ဆိုတဲ့ စနစ်ဟာ ဘုံစနစ်ဖြစ်ရပါမယ်။ ဒါကြောင့် ဒီစနစ်ကို လုပ်ဖို့ သဘောတူပြီးမှ တွန်းတွန်းတိုက်တိုက် လုပ်ကြရပါတယ်။

အဲဒီမှာ တွေ့လာရတာက Admin Reform  ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်က လုပ်ထုံးလုပ်နည်းတွေ ပါတယ်။ ရှေးရိုးစွဲ ပုံစံတွေကို မြင်ရတယ်။ ဒါကြောင့် နောင်နှစ်မှာ ရန်ကုန်နဲ့ မန္တလေးတွေမှာ ရှေ့ပြေးစမ်းသပ် အစီအစဉ်တွေ စတင်မယ်။ ဖြေလျှော့ထားတဲ့ လုပ်ငန်းတွေကို အကျိုးခံစားခွင့်တွေ မြန်မြန်ရအောင်၊ ထည့်ဝင်ကြေးပေးတဲ့ အလုပ်ရှင်တွေကလည်း ထည့်ဝင်ကြေးကို မြန်မြန်ပေးသွင်း အောင်ဆိုတာမျိုး လုပ်ပါတယ်။

စိန်ခေါ်မှုတွေ
IT Reform ကြီး ဖြစ်လာပြီဆိုရင် ခုနက ပြောသွားတဲ့ ပင်စင်စနစ်ကို ကျွန်တော်တို့ ကောင်းကောင်းကိုင်တွယ်နိုင်သွားပြီ။ လူငါးသန်း လာမလား၊ ရှစ်သန်းလာမလား အေးအေးဆေး ဆေးလုပ်နိုင်သွားပြီ။ အဲဒီမှာ ပထမဆုံး Admin Reform လုပ်မယ်။ ဥပဒေကနေလည်း အကျပ်အတည်းတွေ ရှိပါတယ်။ အချို့ကိစ္စတွေကို လုပ်ကိုင်မယ်ဆိုရင် ဥပဒေကို မပြင်ဆင်ဘဲနဲ့ မရပါဘူး။ ဥပဒေပြင်ဆင်မှရမယ့် အနေအထားတွေ ရှိပါတယ်။ တကယ်တော့ အဆုံးသတ်သည် IT Reform Admin Reform ပြီးတော့ Legal  Reform ဖြစ်လိမ့်မယ်။

တစ်ပြိုင်နက်မှာ ကျန်းမာရေးစောင့်ရှောက်မှု ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါက ILO ကလည်း အကြံပြုထားတယ်။ Reform သုံးခုမှာ  Medical Reform ကို ဖြည်းဖြည်းပဲ လုပ်စေချင်တယ်။ နိုင်ငံတကာ အတွေ့အကြုံတွေကို ယူပြီးမှ သူမှားတဲ့ အတွေ့အကြုံတွေကို ယူပြီး ဘာတွေကြုံတွေ့ခဲ့ကြသလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေရှိသလဲ ဆိုတာနဲ့ လက်ရှိအနေအထားမှာ ဘယ်လိုရှောင်လွှားသွားကြမလဲ ဆိုတာတွေကို သိနိုင်ဖို့ ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ILO က လက်ရှိ မြန်မာနိုင်ငံ လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲမှုမှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားရဖို့ကောင်းတယ်လို့ မြင်ပါတယ်။ အခြားနိုင်ငံတွေနဲ့လည်း မတူညီပါဘူး။ ဒီပုံစံ အတိုင်းကို ဆက်ပြီးသွားမယ်ဆိုရင် နောက်မကြာမီ ကာလအတွင်း လူမှုဖူလုံရေးရဲ့ သမိုင်းမျက်နှာစာ သစ်တစ်ခုကို ဖွင့်လှစ်နိုင်မယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။

အစီအစဉ်မှူး ။ ။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမလဲ ဆိုတဲ့အပေါ် ကိုလည်း သုံးသပ်ဆွေးနွေးပေးဖို့ ညွှန်ကြားရေးမှူးချုပ်ကို ပြောကြားစေလိုပါတယ်။

ညွှန်ကြားရေးမှူးချုပ်  ။ ။ အခုလို ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ခြင်းအားဖြင့် အကျိုးကျေးဇူးရတာ ကတော့ အလုပ်ရှင်ကော၊ အလုပ်သမားကော၊ အစိုးရကော သုံးဦးစလုံးရမှာပါ။ လူမှုဖူလုံရေး အဖွဲ့ဟာ ရုံးချုပ်၊ ရုံးခွဲ၊ ဆေးရုံ၊ ဆေးခန်းတွေကို ဒီ Network ချိတ်ဆက်ထားတဲ့ အိုင်တီစနစ်နဲ့ သွားနေတဲ့အတွက် မြန်လာမယ်။ လွယ်ကူချောမွေ့လာမယ်။ ဥပမာပြောရရင် အကျိုးခံစားခွင့်ပေးတဲ့ လုပ်ငန်းတွေ၊ နှောင့်နှေးကြန့်ကြာတာတွေ ပိုမြန်လာမယ်။ ဆေးကုသမှု ဝန်ဆောင်မှု ကလည်း ပိုကောင်းလာမယ်။ ခေတ်မီတဲ့ ဆေးရုံတွေနဲ့ ချိတ်ဆက်ပြီးတော့ စာချုပ်ချုပ်ဆိုနိုင်မှာ ဖြစ်တဲ့အတွက် အာမခံ အလုပ်သမားတွေလည်း လွယ်ကူစွာ ချိတ်ဆက်ကုသနိုင်မယ်။

ကျွန်တော်တို့ရဲ့ ဥပဒေက နိုင်ငံတကာ ကျင့်သုံးမှုနဲ့ ပိုပြီးတော့ တူလာပြီးတော့ မြန်ဆန်လာမယ်လို့ ယုံကြည်ပါတယ်။ Paper Based အစား Electronic Based  ကိုသွားတဲ့ စနစ်မို့ နိုင်ငံတော်လျှောက်လှမ်းမယ့် e-Government နဲ့ ချိတ်ဆက်နိုင်မယ်။ နိုင်ငံတစ်ဝန်းမှာ ခေတ်မီတဲ့ ဆေးခန်းတွေရှိသလို လူမှုဖူလုံရေးကလည်း ဒေသတွင်း၊ နိုင်ငံတွင်းမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက် ပိုကောင်းတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်မယ်။

အလုပ်ရှင်တွေကလည်း လက်ရှိအခက်အခဲ ဖြစ်နေတဲ့ Contribution အပိုင်းပေါ့။ ကျွန်တော့်ဆီလာရင် ထည့်ဝင်ကြေး ပေးတာတွေက ကြာတယ်။ ကြာတဲ့အတွက် ဒီစနစ်အတိုင်းသွားမယ်။ မြန်လာမယ်။ ဒီလိုအကျိုး ကျေးဇူးတွေရမယ်။ ထည့်ဝင်ကြေးပေးတဲ့ ကိစ္စတင်မဟုတ်ဘဲ မှတ်ပုံတင်ကိစ္စတွေလည်း ပိုမြန်လာမယ်။ e Payment ဖြစ်လာလို့ ထည့်ဝင်ကြေးကိစ္စ တွေဟာ ပိုမြန်လာမယ်။

ပိုကောင်းတဲ့ဝန်ဆောင်မှု
အလုပ်သမားအတွက်ကတော့ လက်ရှိကျင့်သုံးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှုထက် ပိုကောင်းတဲ့ ဝန်ဆောင်မှုကို ရလာမှာပါ။ အလုပ် သမားတွေဟာ နံနက် ၈ နာရီက ည ၈ နာရီအထိ ဆေးကုသမှုဝန်ဆောင်မှုကို ရရှိသွားမှာ ဖြစ်ပါတယ်။ စာချုပ်ချုပ်တဲ့ ဆေးခန်းတွေကနေ ဝန်ဆောင်မှုကောင်းတွေရလာမယ်။ ဒီကနေ လူမှုဖူလုံရေးကို ယုံကြည်မှုတွေ ရှိလာမယ်။

အလုပ်သမားတွေအနေနဲ့ ဆွေးနွေးခဲ့သလို လုပ်ငန်းခွင်မှာပျော်ရွှင်ပြီး ဝန်ဆောင်မှုတွေ ကောင်းလာတာနဲ့အမျှ ကျန်းမာရေးတွေ ကောင်းလာပြီး လုပ်ဆောင်မှုတွေ တိုးတက်လာမယ်။ အလုပ်ရှင်ကိုလည်း အကျိုးပြုနိုင်ပြီး အပြန်အလှန် လူမှုဘဝတွေလည်း လုံခြုံလာမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ဆွေးနွေးလိုတာက လူမှုဖူလုံရေးအဖွဲ့က လူမှုရေးစီမံကိန်းအောင်မြင်အောင် အပတ်တကုတ် ကြိုးစားဆောင်ရွက် နေပါတယ်။ လိုအပ်ချက်တွေလည်း ရှိနေပါသေးတယ်။ ဒါတွေကို ပြုပြင်ဆောင်ရွက်မှုတွေလည်း လုပ်ဆောင်လျက် ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ပူးပေါင်းပြီးတော့ တစ်ယောက်ကိုတစ်ယောက် ကိုင်းကျွန်းမှီကျွန်း ကိုင်းမှီ ညီအစ်ကိုစိတ်ဓာတ်နဲ့ ILO အပါအဝင် ဝိုင်းဝန်းဆောင်ရွက်ပေးမှသာ လူမှုဖူလုံရေးစီမံကိန်းကြီးက မျှော်မှန်းခဲ့သလို တစ်မျိုးသားလုံး အကျုံးဝင်တဲ့ စီမံကိန်းဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

လူမှုဖူလုံရေးသည် ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုဆီသို့၊ ပိုမိုကောင်းမွန်သော စီမံခန့်ခွဲရေးဆီသို့ အလုပ်ရှင်၊ အလုပ်သမား အားကိုးတဲ့ ဌာနကြီးဖြစ်အောင် ဦးတည်ချက်နဲ့ သွားနေပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ အရင်တုန်းက လူမှုဖူလုံရေးသည် SSB Centric  နဲ့ သွားတယ်။ အခုတော့ Client Centric နဲ့ သွားတယ်ဆိုတာ အားလုံးကို အသိပေးရင်း နိဂုံးချုပ်ပါတယ်။    ။
ခင်ရတနာ၊ ဓာတ်ပုံ- မေဦးမိုး