လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ၏ လုပ်ငန်းဖော်ဆောင် လုပ်ကိုင်နေသည့် စီးပွားရေး သဘောထားအမြင်များ

ဒုတိယကြိမ် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ ၂ဝ၁၇ ကို ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ 

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အချို့၏ စီးပွားရေးလုပ်ငန်းအတွေ့ အကြုံများ၊ သဘောထားများကို မေးမြန်းဖြစ်ခဲ့သည်-

ကိုပုည (Recycle Myanmarတည်ထောင်သူ)

mdn

Recycle Myanmar အနေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပြီး ဈေးကွက်ဝန်ဆောင်မှုအနေနဲ့ ပြန်ပြီး ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်ကတည်းက ကရုဏာသည်များ ကွန်ရက်အနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို အလှူခံတဲ့ အလှူခံအမှိုက်ပုံးတွေကို တီထွင်ဖန်တီးခဲ့ပါတယ်၊ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ဥပမာ ရေသန့်ဘူးခွံ၊ အချိုရည်ဘူးခွံ၊ ပုလင်းခွံတွေကို ပုံးတွေထဲလာထည့်ပြီး လှူလို့ရပါတယ်၊ ရလာတဲ့ အမှိုက်တွေကိုရောင်းပြီး ရတဲ့ငွေနဲ့ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို စာသင်ပေးခဲ့ပါတယ်။ 

အခုနောက်ပိုင်း ဒါကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့အတွက် Recycle Myanmarဆိုတဲ့ လူမှုအကျိုးပြု စီးပွားရေးကို တည်ထောင်ခဲ့တာပါ၊ Recycle Myanmar အနေနဲ့ကျတော့ နည်းပညာအမှိုက်ပုံးတွေ ထုတ်မှာဖြစ်ပါတယ်၊ ဒီအမှိုက်ပုံးတွေမှာ လက်ရှိခေတ်မီနည်းပညာတွေ ပါပါမယ်၊ ကွန်ပျူတာနဲ့ အီလက်ထရွန်နစ် နည်းပညာတွေပါမယ်၊ အမှိုက်တွေကို ဝယ်ယူစုဆောင်း တဲ့သူတွေ၊ အလဲအလှယ်လုပ်တဲ့သူတွေ ရှိတယ်၊ နောက်ပြီး အမှိုက်တွေကို အရည်ကျိုတဲ့ စက်ရုံတွေ ရှိတယ်၊ စည်ပင်သာယာအဖွဲ့တွေရှိတယ်၊ သူတို့အနေနဲ့ အမှိုက်ပုံးတွေနဲ့ အမှိုက်ကို အလွယ်တကူ သိမ်းလို့ရအောင် ကွန်ရက်လုပ်ပေးမှာပါ။ 

စွန့်ပစ်ပစ္စည်းကို စုလို့ရတဲ့ စုဘူးတွေထုတ်မှာ ဖြစ်ပါတယ်၊ စုဘူးတွေကို ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အမှိုက်ပြည့်သွားတဲ့အခါ သိမ်းတဲ့လူတွေက လာရောက် သိမ်းပေးမှာဖြစ်သလို အမှိုက်တွေကို ရောင်းလို့ ပိုက်ဆံရမယ်၊ ဒါမှမဟုတ် လိုအပ်တဲ့နေရာကို လှူလို့ရမယ်၊ ရွေးချယ်စရာနှစ်ခုရှိပါမယ်၊ အမှိုက်ကို လိုက်သိမ်း တဲ့လူတွေကတော့ အရင်ကထက် လွယ်လွယ်ကူကူ အဆင်ပြေပြေနဲ့ သိမ်းလို့ရပါမယ်။ 

အခုလောလောဆယ်တော့ ငွေကြေးရင်းနှီးမြှုပ်နှံမှု အခက်အခဲရှိပါတယ်၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲရှိပါတယ်။

ကိုနေလင်းစိုး 
(မင်္ဂလာပါ မြန်မာမှုကုန်ပစ္စည်းဆိုင် ဒါရိုက်တာ)

mdn

မြန်မာမှုနဲ့ ပတ်သက်လို့ ပန်းပု၊ ပန်းချီတွေရမယ် ၊ ရွှေချည် ထိုးတွေ၊ ယွန်းထည်တွေ၊ ငွေပန်းထိမ် စသည်ဖြင့် အမျိုးမျိုးရပါတယ်။ အခုနောက်ပိုင်း တီထွင်ဆန်းသစ်မှုအရ ပြုလုပ်လာတာကတော့ အုန်းခွံတွေ၊ ဘူးသီးခြောက်ခွံတွေနဲ့ လက်မှုပစ္စည်းတွေ အတော်များများ လုပ်ပါတယ်၊ နောက်ပြီး မြစ်ထဲကရတဲ့ ကျောက်အလုံးလေးတွေနဲ့ ပန်းချီပုံဖော်ထားတဲ့ ပစ္စည်းတွေလည်း ရှိပါတယ်၊ အခုလောလောဆယ်တော့ တစ်ပိုင်တစ်နိုင် လုပ်နေတာဖြစ်ပါတယ်၊ ဒီလုပ်ငန်းကို တိုးချဲ့မယ်ဆိုရင်တော့ ပညာရှင်တွေ လိုအပ်သလို ငွေကြေးရင်းနှီးမြှုပ်နှံမှုလည်း လိုအပ်မှာ ဖြစ်ပါတယ်၊ မြန်မာလက်မှု ကုန်ပစ္စည်းဆိုင်တွေအနေနဲ့က ပြည်ပကလာတဲ့ ခရီးသည်တွေကိုပဲ မှီခိုရောင်းချနေလို့မရပါဘူး၊ ပြည်တွင်းခရီးသွားတွေကိုလည်း မှီခိုရောင်းချနေရပါတယ်၊ မြန်မာမှု၊ မြန်မာလက်ရာကို တန်ဖိုးထား ချစ်မြတ်နိုးကြမှ ဒီလုပ်ငန်းကို လုပ်ကိုင်နေတဲ့လူတွေ ရေရှည်ရပ်တည်နိုင်ပြီး မြန်မာမှုအနုပညာလက်ရာတွေလည်း မတိမ်ကော မပျောက်ပျက်ဘဲ ရေရှည်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ 

ကိုအောင်ဇော်ဦး 
(အောင်နိုင်သစ္စာကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ) 

mdn

အောင်နိုင်သစ္စာကုမ္ပဏီက ဆန်းစပါကို ကြိတ်ခွဲတင်ပို့ရုံတင် မဟုတ်ဘဲ လယ်ယာသွင်းကုန်တွေဖြစ်တဲ့ ဓာတ်မြေသြဇာတွေ၊ လယ်ယာသုံးစက်ကိရိယာတွေကို တောင်သူလယ်သမားတွေကို အရစ်ကျစနစ်နဲ့ ရောင်းချဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်၊ ဆန်စပါးတင်ပို့တဲ့ လုပ်ငန်းကိုတော့ ၂ဝဝ၄ ခုနှစ်ကတည်းက လုပ်နေတာဖြစ်ပြီး ၂ဝဝ၈ နောက်ပိုင်းလောက်မှာ ဆန်စပါး အထူးပြုကုမ္ပဏီအနေနဲ့ မျိုးစေ့တွေ၊ သွင်းအားစုတွေ၊ စက်ကိရိယာတွေကို ငါးလဆိုင်း၊ ခြောက်လဆိုင်းနဲ့ ထောက်ပံ့ပေးပြီး သီးနှံပေါ်တော့မှ ပြန်ပေးတဲ့ ပုံစံမျိုးနဲ့ လုပ်လာတာဖြစ်ပါတယ်။ 

လယ်ယာသုံးစက်ကိရိယာတွေကို တောင်သူတွေက အရင်ကထက် ပိုပြီးသုံးစွဲလာကြပါတယ်၊ စက်ကိရိယာတွေရဲ့ လွယ်ကူမှု အဆင်ပြေမှုကို လယ်သမားတွေ သိလာကြပါပြီ။ ဒါပေမယ့် စက်ကိရိယာတွေရဲ့ အရည်အသွေးအလိုက် တန်ဖိုးမြင့်တော့ လယ်သမားတွေအနေနဲ့ လက်ငင်းဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံဖို့ အခက်အခဲရှိကြပါတယ်၊ အဲဒါကို ကျွန်တော်တို့ ကုမ္ပဏီက လယ်သမားတွေ သုံးစွဲနိုင်အောင် အရစ်ကျစနစ်နဲ့ ရောင်းချပေးပြီး ငွေကြေးဝန်ဆောင်မှု ပေးရတာပေါ့၊ ဒီကနေ့ကျင်းပတဲ့ Myan-mar Entrepreneurship Summit 2017 ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတယ်၊ လူငယ်တွေကို ဒီထက်ပိုကြိုးစားအောင်၊ ပိုအရည်အချင်းရှိအောင် လမ်းညွှန်မိန့်ခွန်းပြောတဲ့အတွက် ကျေနပ်မိပါတယ်။ 

ဒေါက်တာအောင်မြတ်လွင်
(အုပ်ချုပ်မှုဒါရိုက်တာ၊ ORIENTAL CENTURY, Trals & Tours)

mdn

ကျွန်တော်တို့ လက်ရှိ အဓိကလုပ်နေတာကတော့ စိုက်ပျိုးရေးကိုအခြေခံပြီးတော့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖြစ်ပါတယ်၊ ကျွန်တော်တို့ဆီမှာ ဘာပြဿနာဖြစ်နေလဲဆိုတော့ သွားပြီးသားနေရာတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံလောက်ပဲရှိတယ်၊ ခရီးသွားတွေအတွက် ခရီးစဉ်အသစ် မရှိသေးဘူး၊ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီက ခရီးစဉ်အသစ် ဖန်တီးပေးဖို့ စဉ်းစားတဲ့အခါကျတော့ ဘာကိုအခြေခံပြီး စဉ်းစားလဲဆိုတော့ ကျွန်တော်တို့ လုပ်လိုက်တဲ့ ခရီးစဉ်ဟာ ကျွန်တော်တို့ ကုမ္ပဏီ စီးပွားရေးတစ်ခုတည်းအတွက် မဟုတ်ဘဲ ခရီးသွားတဲ့ နေရာဒေသဖွံ့ဖြိုးဖို့အတွက်နဲ့ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးအတွက်ပါ စဉ်းစားပြီး လုပ်ဆောင်ပါတယ်။

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို စလုပ်တဲ့အခါမှာ ရွာက စိတ်ဝင်စားတဲ့ပြည်သူတွေနဲ့ တိုင်ပင်တယ်၊ သူတို့ကို ဒီလုပ်ငန်းရဲ့ အကျိုးသက်ရောက်ပုံဟာ ဘယ်လောက်အထိ ရှိတယ်ဆိုတာကို ရှင်းပြတယ်၊ သူတို့ကလည်း စိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ပါတယ်၊ အဲ့ရွာလေးကို အခြေပြုပြီးတော့ ခရီးသွား လုပ်ငန်းကို စလုပ်ဖြစ်ပါတယ်၊ လုပ်တဲ့အခါကျတော့ ပြည်တွင်းက ဧည့်သည်ဖြစ်ဖြစ်၊ ပြည်ပက ဧည့်သည်ဖြစ်ဖြစ် လာတဲ့အခါမှာ အဲဒီရွာလေးကို ခေါ်သွားပြီးတော့ အိမ်ရှင်တွေရဲ့ အိမ်မှာပေးနေ တယ်၊ ပြီးတော့ ကျန်းမာရေးအရ သန့်ရှင်းမှုရှိအောင် စီစဉ်ပေး ထားတယ်၊ ထမင်းစားဖို့ စီစဉ်တဲ့အခါမှာလည်း မြို့က စားသောက်ဆိုင်တွေလို မဟုတ်ဘဲ ရွာက ဓလေ့အတိုင်းပဲ ကျွေးပါတယ်၊ အဲ့ဒါကို နိုင်ငံခြားသားဧည့်သည်တွေက ပိုပြီး ကြိုက်ကြတယ်။

ပြီးရင် မြင်းမထိရွာဘေးမှာရှိတဲ့ မြင်းမထိဂူနဲ့ ဓနုတိုင်းရင်းသား အများစုနေထိုင်တဲ့ ရွာလေး ငါးရွာကို ယဉ်ကျေးမှု ဓလေ့စရိုက်တွေ လေ့လာဖို့ လိုက်ပြတယ်။ ခရီးသွားဧည့်သည်တွေက နှစ်ည၊ သုံးညနေပြီးတော့ လေ့လာကြပါတယ်။ 

ကျွန်တော်တို့ရဲ့ ရပ်ရွာအခြေပြုလုပ်ငန်း တိုးချဲ့ဖို့ဆိုရင် ခရီးသွားဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုတွေ အများကြီးလိုပါတယ်။ ပံ့ပိုးမှုဆိုတဲ့နေရာမှာ ကျေးရွာတွေမှာ ခရီးသွားဧည့်သည်တွေအတွက် လုံခြုံမှုရရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး လိုပါတယ်။ နောက်တစ်ခုက အဲဒီလိုမျိုးနေရာတွေကို နိုင်ငံတကာက ခရီးသွားတွေ ပိုမိုသိအောင် လုပ်ဆောင်ဖို့လည်း လိုပါတယ်၊ ပြီးတော့ နိုင်ငံခြားသားဧည့်သည်တွေ ဝင်လာတာနဲ့ အမျှ သူတို့ရွာက ဓလေ့လေးတွေ ထိခိုက်မှာ စိုးရိမ်တယ်၊ အဲဒါအတွက် ဟိုဘက်နဲ့ ဒီဘက် အဆင်ပြေအောင် ပြန်ညှိရတာလေး တွေရှိတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးတက်လာပါတယ်။ တစ်ဖက်မှာလည်း လက်ရှိ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီးတော့ ခရီးသွားဧည့်သည်တွေ လာရောက်မှု အထိုက်အလျောက် ကျသွားတယ်။ အဲဒါကို မီဒီယာကနေ ဘယ်လောက်အထိ ငြိမ်းချမ်းကြောင်း၊ တည်ငြိမ်ကြောင်းကို ပြနိုင်မယ်ဆိုရင် နိုင်ငံခြားဧည့်သည်တွေက ယုံကြည်မှုရှိပြီး ပိုမိုဝင်ရောက် လေ့လာမယ်လို့ ယုံကြည်ပါတယ်၊ နောက်ပြီးတော့ နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းတွေ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုပြီးဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ 

ကိုကျော်စွာမြင့်ထူး
(Brand Executive, ASAHI LOIHEIN)

mdn

Honey Gold ရွှေပျား အားဖြည့်အချိုရည်သစ်ကို ထုတ်လုပ်မှုအပိုင်းနဲ့ ဈေးကွက်ဖြန့်ဖြူးရေးအတွက် စားသုံးသူကို ပိုပြီးတော့ ရွေးချယ်မှုများစေချင်တဲ့ဆန္ဒနဲ့ ကောင်းမွန်တဲ့ပစ္စည်းတွေကို အဓိကထုတ်လုပ်ဖြန့်ဖြူးပေးတယ်၊ ပစ္စည်းသစ်ဖြစ်တဲ့အခါကျတော့ စားသုံးသူတွေ သိလာအောင်၊ ဈေးကွက်ထဲကို ထိုးဖောက်နိုင်အောင် ဖြန့်ချိရေးအပိုင်းမှာ အားစိုက်ရပါတယ်၊ လိုအပ်တဲ့ အရည်အသွေးပြည့်မီတဲ့ ကုန်ကြမ်းကို နိုင်ငံခြားကပဲ တင်သွင်းပါတယ်။ 

မငြိမ်းငြိမ်းအိ(Chief Executive Officer, United Myanmar & Asia Co., Ltd)

mdn


ကျွန်မတို့ ကုမ္ပဏီရဲ့ နာမည်ကတော့ United Myanmar & Asia Co., Ltd ပဲဖြစ်ပါတယ်၊ ကျွန်မတို့ ကုမ္ပဏီက မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေကို အသုံးပြုပြီးတော့ Dnae ဆိုတဲ့ နာမည်နဲ့ ရေချိုးဆပ်ပြာ၊ Body Lotion ၊ Facial Mist ၊ ချိုင်းချွေးနံ့ပျောက်အရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ရေမလို လက်သန့်ဆေး စသဖြင့် လူသုံးကုန်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ပါတယ်။

သဘာဝအလှကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့Online Marketing မှာလည်း သုံးကြတယ်၊ နောက်ပြီးတော့ တချို့ Super Market တွေမှာလည်း ရောင်းချပေးနေပါပြီ၊ မြန်မာနိုင်ငံထဲမှာပဲ ဒီကုန်ပစ္စည်းက ထုတ်တဲ့အတွက် ဈေးနှုန်းကို အတတ်နိုင်ဆုံး သက်သာအောင် ဒီနိုင်ငံသားတွေ သုံးနိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနေပါတယ်၊ အဲဒီအတွက် ကျွန်မတို့ နိုင်ငံသားတွေ ပစ္စည်းအရည်အသွေးကောင်းကောင်းနဲ့ ဈေးနှုန်း သက်သက်သာသာနဲ့ သုံးခွင့်ရအောင် ကြိုးစားထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ။ 

အေဝမ်းစိုး