လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၂၀၁၈ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက် နံနက်(၉)နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံသို့ လာရောက်လိုသည့် နိုင်ငံခြားသားများအား အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ မြန်မာ-ထိုင်းနယ်စပ် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ ထွက်ဂိတ်များမှ နိုင်ငံကူးလက်မှတ်၊ သတ်မှတ်ဗီဇာများဖြင့် ဝင်/ထွက် သွားလာခွင့်ပြုလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှစ၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူး - မိုးရေး၊ ရိခေါဒါ - ဇိုခေါသာ တို့ကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များ အဖြစ်သတ်မှတ်၍ မြန်မာ-အိန္ဒိယ  နှစ်နိုင်ငံသားများ၊ အခြားနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်၊ e-Visa တို့ဖြင့် ဝင်/ထွက် ခွင့်ပြုနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် ညောင်ဦးလေဆိပ်တွင်လည်ကောင်း၊  ပြည်ပစင်းလုံးငှား လေယာဉ်ခရီးစဉ်များ ဆင်းသက်နိုင်ရေးအတွက် မြိတ်လေဆိပ်တွင်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးနိုင်ရေးအတွက် MRTDs စက်ပစ္စည်းများတပ်ဆင်၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်အရ ယခုအခါ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သော ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံသားများနှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် မကာအို၊ ဟောင်ကောင်တို့မှ ကမ္ဘာလှည့်ခရီး သည်များအား ဗီဇာကင်းလွတ်ခွင့်ဖြင့် လည်းကောင်း၊ တရုတ် နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအား ဆိုက်ရောက်ဗီဇာဖြင့်လည်းကောင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှစ၍ အပြည်ပြည်ဆိုင်ရာ လေဆိပ်(၃)ခုနှင့် နယ်စပ်ဝင်/ထွက်ပေါက်များတွင် ဝင်ရောက် ခွင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုလ(၁)ရက် မှစ၍ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအား အပြည်ပြည်ဆိုင်ရာ လေဆိပ်(၃)ခုတွင် ဆိုက်ရောက်ဗီဇာထုတ်ပေးခွင့်ပြုနိုင်ခဲ့ပါကြောင်း၊ ဆိုက်ရောက်ဗီဇာနှင့် e-Visa ခွင့်ပြုနိုင်ငံများကို လည်း တိုးချဲ့ခွင့်ပြုပေးခဲ့ရာ ယခုနှစ်အတွင်း ရုရှား၊ ယူကရိန်း၊ ဘရာဇီးနှင့်  တောင်အာဖရိက နိုင်ငံများကိုလည်း တိုးချဲ့ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနှင့် လာအိုနိုင်ငံနယ်စပ်ဖြစ်သည့် ကျိုင်းလပ် - စီအင်ကောက် နယ်စပ်ဝင်/ထွက်ပေါက်အား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံထပ်မံညှိနှိုင်းပြီးပါက အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်အဖြစ် တိုးချဲ့ဖွင့် လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အစိုးရက ဦးဆောင်ဦးရွက်ပြု ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မိမိတို့ဌာနမှလည်း တောင်ပြိုလက်ဝဲနှင့် ငါးခူရတို့၌ ပြန်လည်လက်ခံရေးစခန်း(၂)ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်လက်ခံမည့်သူများသည် ယခင်က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဘူးသူများ ဟုတ်/မဟုတ်မှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနမှ ယခင်မှတ်တမ်း မှတ်ရာများနှင့် ခေတ်မီနည်းပညာများ အသုံးပြုစိစစ်ဆောင်ရွက်လျက်ရှိရာ ၎င်းစာရင်းဇယားများ မှန်ကန်စွာစိစစ်ပြန်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို ၂၀၁၈ခုနှစ်၊ဇန်နဝါရီလ(၂၃)ရက်မှ စတင်ခဲ့သော်လည်း နိုင်ငံတကာ ၏ဖိအားများ ကြောင့် လုပ်ငန်းစဉ်နှောင့်နှေးကြန့်ကြာပြီး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ပါ ကြောင်း၊ ထို့ပြင် ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက်(၁၀)နှစ်ပြည့် (၅၇၁၁၄၆) ဦး၊ အသက်(၁၈)နှစ်ပြည့် (၅၅၄၃၆၇) ဦး နှင့် ကျောင်းသား/ ကျောင်းသူ (၃၅၄၅၂၉) ဦး၊ စုစုပေါင်း(၁၄၈၀၀၄၂) ဦးကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်း၍ ထုတ်ပေးနိုင်ခဲ့ပါကြောင်း။

 

ထို့အပြင် ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စုစုပေါင်း(၆၆၈၃၆) ဦးအား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံလက်မှတ် NV Card ထုတ်ပေးပြီး ဖြစ်၍ နိုင်ငံသားစိစစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ e-Government စနစ်အတွက် အခြေခံအကျဆုံးသောလုပ်ငန်းဖြစ်သည့် eID စနစ် အကောင်အထည်ဖော်နိုင်ရေး အတွက်ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းသည် လူတစ်ဦးချင်းစီအား  Biometric Data  ရယူပြီး Unique နံပါတ်တစ်ခုစီ ပေးမည့်အစီအစဉ်ဖြစ်ပါကြောင်း၊ ရရှိတဲ့ UID ကိုအသုံးပြုပြီး မှတ်ပုံတင် Smart Ctad အပါအဝင် အခြားသောဌာနများ၏ ဝန်ဆောင်မှုများကို ဆက်လက်ရယူဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယင်းလုပ်ငန်းသည် ငွေကုန်ကြေးကျများပြီး ကြီးမားကျယ်ပြန့်သည့်အတွက် အဘက်ဘက်က လေ့လာသုံးသပ်ဆောင်ရွက်နေပါကြောင်း၊ ပြည်သူ့အင်အားစာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်း ကိုဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ခဲ့သည့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သတ်မှတ်ကာလအတိုင်း အစီရင်ခံစာများ ပြုစုထုတ်ပြန်နိုင် ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် သန်းခေါင်စာရင်းအစီရင်ခံစာများ ဖြန့်ဝေခြင်းနှင့် သန်းခေါင်စာရင်း အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲများကို တိုင်းဒေသကြီး / ပြည်နယ်/ ခရိုင်နှင့် မြို့နယ်အသီးသီး၌ အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကြီး မကောက်မီ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလမှာရှိသည့် မြန်မာနိုင်ငံ၏လူဦးရေ၊ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အနီးစပ်ဆုံးမှန်ကန်စွာခန့်မှန်းနိုင် ရန်နှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲလာမှုများကို  နှိုင်းယှဉ်လေ့လာနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပါကြောင်း၊ ကြားဖြတ် သန်းခေါင်စာရင်းသည် နေရာအားလုံးကိုကောက်ယူမည်မဟုတ်ဘဲ နမူနာရွေး၍ကောက်ယူသွားမည် ဖြစ်သဖြင့် လုပ်ငန်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း၊ ယခု အစည်း အဝေးတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ လုပ်ငန်းဆိုင်ရာအခက်အခဲနှင့် လိုအပ်ချက်များ၊ ဖြည့်ဆည်းပေး ရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။ 

 

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ 

 

( သတင်းစဉ်)