မြောက်ကိုရီးယား၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂအတည်ပြု

မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလိုက်သည်။

 

ဥရောပသမဂ္ဂနှင့် ဂျပန်တို့ အဆိုတင်သွင်းခဲ့သည့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို တနင်္လာနေ့ကပြုလုပ်ခဲ့သည့် အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ရာတွင် တစ်ခဲနက် ထောက်ခံမှုရရှိခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံတွင် လွတ်လပ်စွာ ရွှေ့ပြောင်း နေထိုင်ခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်မရှိကြောင်း ယင်းဆုံးဖြတ်ချက်၌ ဖော်ပြထားသည်။

 

ထို့ပြင် ဂျပန်သည် မြောက်ကိုရီးယားက အခြားနိုင်ငံသားများကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ခဲ့သည့်အတွက် ရှုတ်ချခဲ့ပြီး ပြန်ပေးဆွဲခံရသည့် နိုင်ငံသားများကို အမိနိုင်ငံဆီသို့ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ တိုးတက်လာစေရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံမှုရရှိရေးအတွက် ဂျပန်နှင့်ဥရောပ သမဂ္ဂတို့က ၂ဝဝ၅ ခုနှစ်ကတည်းက ဆုံးဖြတ်ချက်မူကြမ်းများကို နှစ်စဉ် တင်သွင်းခဲ့ကြသည်။

 

သို့သော် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားနိုင်ငံ သံအမတ်ကြီး ကင်ဆောင်က အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို လူ့အခွင့်အရေးကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိဟုဆိုကာ ကန့်ကွက်ခဲ့ကြောင်းသိရသည်။ ယင်းဆုံးဖြတ်ချက်မူကြမ်းမှာ မလိုသူများ၏ နိုင်ငံရေး ချောက်ချမှုတစ်ခုသာ ဖြစ်သည်ဟုဆိုကာ ပယ်ချခဲ့သည်။

 

ထိုဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နှင့်ဆီးရီးယားနိုင်ငံတို့ကလည်း ကန့်ကွက်ခဲ့ကြောင်း သိရသည်။ 

 

အင်န်အိတ်ခ်ျကေ