မိမိအကျိုး အများအကျိုး လောကအကျိုး

လူ့လောက၏ အမျိုးမျိုးအပြားပြားသော နီတိများတွင် ဖြစ်စေ၊များစွာသော မတူညီရာ ယုံကြည်ကိုးကွယ်မှုများတွင် ဖြစ်စေ၊ အလိုလောဘကြီးလွန်းခြင်း၏ အပြစ်ကို ဆိုလေ့ရှိ၏။ အလိုလောဘကြီးခြင်းဟူသည် ပစ္စက္ခကာလအတွက် ဖြစ်စေ၊ အနာဂတ်အတွက် ဖြစ်စေ၊ မိမိအဖို့သာမက မိမိ၏ နောက်မျိုးဆက် ဂုဏ်သိက္ခာကိုပါ ထိခိုက်နိမ့်ပါးစေသည်ဟုလည်း ဆို၏။


လူ့ဘဝရှင်သန်ရသော ကာလမှာ တိုတောင်းသည်ဟု ဆိုရမည်ထင်ပါသည်။ လောက၏ သဘောသဘာဝကို သိနားလည်တော့မလိုဖြစ်လာချိန်တွင် အသက်ရှင်ရချိန်က မကျန်လှတော့ပြီ။ သည်လို တိုတောင်းသည့် လူ့ဘဝမှာ ရာထူးအာဏာ စည်းစိမ်ဥစ္စာ မည်သည်ကိုများအလွန်အမင်း မက်မောတွယ်တာစရာရှိအံ့နည်း။ ရာထူးအာဏာ စည်းစိမ်ဥစ္စာတို့မှာ လောကီသုခ ရှိသည်ဖြစ်သည့်အတွက် မက်မောကြသည်မှာမဆန်း၊ လိုချင်တပ်မက်ကြသည်မှာလည်း မဆန်း၊ ကြိုးစား အားထုတ်ရယူကြသည်မှာလည်း မဆန်း။ သို့သော်လည်း အလွန်အမင်းလောဘကြီးခြင်းကမူ မိမိကိုယ်တိုင်နှင့်တကွ လောကကိုပါ ထိခိုက်ပျက်စီးစေတော့မည် ဟူသည်ကို သတိချပ်သင့်ပါသည်။


မြန်မာ့သမိုင်းတစ်လျှောက်က ထင်ရှားကြီးကျယ် ကျော်ဇောသူများ၊စည်းစိမ်ဥစ္စာ အံ့မခန်းကြွယ်ဝသူများ၊ လောကီစည်းစိမ်အမျိုးမျိုးကိုအမြင့်မားဆုံး ခံစားခဲ့ကြသူများ စသူတို့ ခံစား စံစား နိုင်ကြမည်ဆိုလျှင် အနှစ်တစ်ရာ သက်တမ်းဆိုသည်က အလွန်ဆုံးဟုဆိုရပါမည်။ လောကီစည်းစိမ်ဆိုသည်က မည်သို့ပင် ခံစား စံစားနိုင်ရန် အခွင့်အရေးများရှိသည်ဆိုဆို ဇရာထောင်းသည်နှင့် သုခဟူ၍ပင် ရှုမြင်နိုင်ဖို့ ခက်ချေပြီ။


လူ့လောကတွင် မည်သည့်အရာကိုများ အမှန်တကယ် ပိုင်ဆိုင်နိုင်ကြပါသနည်း။ အသက်ရှင်စဉ်ကာလမှာ ပိုင်ဆိုင်သည်ဟု ယူဆမှတ်ယူနိုင်ခြင်းကလွဲ၍ သက်တမ်းကုန်သည်နှင့် ပိုင်ဆိုင်သည်ဆိုခြင်းက မိမိနှင့်မသက်ဆိုင်တော့ပြီ။ သို့သော်လည်း အဆိုပါ ပိုင်ဆိုင်မှုများအတွက်၊အထက်ဖော်ပြပါ ချမ်းသာကြွယ်ဝမှုများအတွက်၊ ထင်ရှားကျော်ဇောကြီးကျယ်မှုများအတွက်၊ ရာထူးအာဏာများအတွက် ရမ္မက်ကြီးစွာ၊ အလိုလောဘကြီးစွာဖြင့် မတရားမှုများ၊ အဓမ္မမှုများ ပြုမူအားထုတ်ကြမည်ဆိုလျှင် လူမှုဝန်းကျင်တစ်ရပ်လုံးကို ဖြိုဖျက်နေခြင်းသာဟု ဆိုချင်ပါသည်။


ခေတ်တစ်ခေတ် ထူထောင်နိုင်လောက်အောင် သမိုင်းတွင်ခဲ့ကြသည့်အာဏာစက်ပြင်းခဲ့သူများ၏ နောက်ဆုံးအချိန်များသည် မည်မျှလောက်သံဝေဂ ယူဖွယ်ကောင်းလှသည်ဆိုတာကို အများသိကြ၊ မြင်ခဲ့ကြပြီး ဖြစ်၏။ မတော်လောဘဖြင့် မတရားလုပ်ခဲ့သူများ၏ နိဂုံးကလည်းမှတ်တမ်းများစွာ တင်ထားခဲ့ပြီး ဖြစ်၏။


ထို့အတူ မိမိကိုယ်ကျိုးဟူသည့် အလိုလောဘ နည်းပါးခဲ့ကြပြီးအများအကျိုးကို ဦးစားပေးခဲ့ကြသူများ၏ သမိုင်းကိုလည်းကောင်း၊ကွယ်လွန်ပြီးသည့်တိုင် အများပြည်သူ၏ ချစ်ခင်လေးစားမှုက နှစ်ပေါင်းများစွာ မလျော့ပါး၊ ကြည်ညိုမှုက တိုးလျက်ဟူသည်တို့ကို လည်းကောင်းသိမြင်ခဲ့ကြပြီးဖြစ်၏။


အလိုလောဘကြီးလွန်းခြင်း၏အပြစ်ကို အလေးအနက် ခံစားနားလည်၍ မိမိအကျိုး၊ အများအကျိုးကို တစ်နည်းဆိုသော် အတ္တဟိတပရဟိတ မျှတစွာ စဉ်းစားချင့်ချိန်ကြခြင်းဖြင့် မိမိ၏အကျိုးကိုလည်းဖြစ်စေ၊ လောက၏ အကျိုးကိုလည်း ဖြစ်စေမည်ဟု ယုံကြည်သည့်အတိုင်းတင်ပြလိုက်ရပါသတည်း။ ။


မြန်မာ့အလင်း