မိတ္ထီလာစီးပွားရေးတက္ကသိုလ် MBF/MDevS သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်  ၁၃  ဇန်နဝါရီ 

 

မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Master of Banking and Finance (MBF) နှင့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (Master of Development Studies (MDevS)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း နှင့်တာဝန်ရှိသူများ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက MBF နှင့် MDevS သင်တန်းများ သည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါပြီး မြန်မာနိုင်ငံတွင် ရန်ကုန် စတော့အိတ်ချိန်းကို ဖွင့်လှစ်နိုင်သဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ များစွာလိုအပ်နေပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ်များ သာမက ပုဂ္ဂလိကဘဏ်များလည်း တိုးတက်များလာသဖြင့် ဘဏ်လုပ်ငန်းကျွမ်းကျင်သူများကို မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊  အဆိုပါလိုအပ်ချက်ကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ နိုင်ငံဝန်ထမ်းအများအပြားရှိသည့် နေပြည်တော်တွင် ဖွင့်လှစ်နိုင် သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုဖွင့်လှစ်သည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (MBF)နှင့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS)သင်တန်းသည် ဝန်ထမ်းများ အရည်အသွေးမြင့်မားရေး၊ နိုင်ငံသားများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပေးနိုင်ရေးတို့ကို အဓိက ရည်ရွယ်ထား ခြင်းဖြစ်ပါကြောင်း၊ သင်တန်းများ ဖွင့်လှစ်ပေးနိုင်သည့်အတွက် နေပြည်တော်ရှိ ဌာနဆိုင်ရာ အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်မပျက် ရုံးချိန်ပြင်ပ၌ ပညာဆက်လက် သင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ ပညာသင်ယူရာတွင် ရမှတ်များများရရန်ထက် Lifelong learning ဖြင့်သင်ယူခြင်းကို အားပေးပါကြောင်း၊ များများသင်ယူလေ့လာရန်အတွက် နိုင်ငံတကာ အဆင့်မီ စာအုပ်များကို လေ့လာနိုင်ရန် အင်္ဂလိပ်စာ အရည်အသွေးကောင်းမှ သင်ယူလေ့လာနိုင် မည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာ အရည်အသွေးကောင်းမှသာ တစ်သက်တာ သင်ယူရန်အတွက် အခွင့်အလမ်းကို မိမိရရဆုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မိတ္ထီလာစီးပွားရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

အဆိုပါသင်တန်းသို့ ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးပညာမဟာဘွဲ့(MBF) သင်တန်းသား သင်တန်းသူ ၆၃ ဦးနှင့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS) သင်တန်းသားသင်တန်းသူ ၉၂ ဦး စုစုပေါင်း ၁၅၅ ဦးတက်ရောက်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

DSC