မိုးကုတ်ရွှေညောင်ပင် ဝက်သချဉ်(ဝက်သားချဉ်)

ဒေသစာများဟာ အရည်အသွေးကောင်းပြီဆိုရင် ထွက်ရှိတဲ့အရပ်ရဲ့အမည်ပါ တွဲဖက်ပြီး နာမည်ကြီးလေ့ ရှိပါတယ်။ ဒေသစာလို့ဆိုရာမှာ သဘာဝအတိုင်းထွက်ရှိတဲ့ သီးနှံ၊ သားငါးနဲ့ ပြုပြင်စီမံထုတ်လုပ်တဲ့ ထွက်ကုန် ရယ်လို့ နှစ်မျိုးရှိပါတယ်။ ဥပမာပေးရရင် မော်လမြိုင်ဒူးရင်း၊ မြစ်ကြီးနားတညင်းနဲ့ ဝက်ကင်း၊ ငါးသလောက် တို့ဟာ သဘာဝသီးနှံ နဲ့ သားငါးများဖြစ်ပြီး ပုသိမ်ဟာလဝါ၊ မန္တလေး ထိုးမုန့်၊ သထုံငါးပေါင်းထုပ် အစရှိတာတွေ ကတော့ စီမံထုတ်လုပ်ထားတဲ့ ဒေသထွက်ကုန် တွေဖြစ်ပါတယ်။

 

အဲဒီလိုပါပဲ အမဲသား၊ ဝက်သားတွေကို တာရှည်ခံအောင် အချဉ်တည်စားကြတဲ့ အနက် မိုးကုတ်ဒေသ ရွှေညောင်ပင်ရပ်က ထွက်တဲ့ ဝက်သချဉ်ကလည်း အရသာ ကောင်းလွန်းလို့ ခရီးသွားတိုင်းလိုလို လက်ဆောင်ပေးဖို့ ဝယ်ယူလေ့ရှိကြပါတယ်။ ဝက်သားကိုအချဉ်တည်ရာမှာ အခြေခံနည်းစနစ်ခြင်း တူပေမယ့် ထည့်သွင်းတဲ့ အကူပစ္စည်းတွေရဲ့ အရည်အသွေးကိုလိုက်ပြီး အရသာကွာခြားသွားတာဖြစ်မယ်လို့ စဉ်းစားမိ ပါတယ်။

 

ရွှေညောင်ပင်ရပ်မှာ ဝက်သားကိုအချဉ်တည်ပြီး ဝက်သချဉ်လုပ်ရာမှာ အဓိကပစ္စည်းက အချဉ်ပေါက်စေတဲ့ ဆန်ဖြစ်ပါသတဲ့။ သူတို့ မိုးကုတ် ရွှေညောင်ပင်အရပ်က ထွက်တဲ့ဆန်က ဆန်ကျောမာပြီး စေးတဲ့သတ္တိရှိလို့ ဝက်သချဉ်လုပ်ရာမှာ အကောင်းဆုံးဖြစ်ပါ သတဲ့။ အဲဒီဆန်မျိုးမရရင်တော့ ရှမ်းဆန်ကို သုံးဖို့ အကြံပြုပါတယ်။ ဝက်သချဉ်လုပ်မယ်ဆိုရင် အဆီအသားမျှတဲ့ ဝက်သားကို အတုံးလိုက် ရေစင်အောင်ဆေးပြီး စစ်ထားရပါ သတဲ့။ ရေစစ်ပြီဆိုမှ အနေတော်အတုံးငယ်တွေ စဉ်းပြီး ဆားသင့်ရုံထည့်နယ်ကာ အလေးတုံး ဖိပေးရပါသတဲ့။

 

ရေစစ်လို့ အသားမာသွားရင်တော့ အအေးခံထားတဲ့ထမင်းနဲ့ရောကာ အနှံ့နယ်ပြီး တောင်စဉ်ဖက်တွေနဲ့ထုပ်ကာ ငါးထုပ်တစ်တွဲ တွဲလို့ ဈေးကွက်ကိုတင်ပါတော့တယ်။ ဝက်သချဉ်လုပ်တဲ့နေ့ကစပြီး သုံးရက်မြောက်ဆိုရင် အချဉ်ဓာတ်ဝင်ပြီမို့ စားဖို့အသင့် ဖြစ်ပြီလို့ဆိုပါတယ်။ ဝက်သချဉ်ကို ကြိုက်လွန်းသူတချို့က ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်း ပါးပါးလှီးထည့် ရှမ်းနံနံအုပ်ကာ ဆီလေးဆမ်းပြီး အစိမ်းသုပ်စားကြပေမယ့် အများအားဖြင့်တော့ ကြော်စားကြပါတယ်။ ရှမ်းပြည်တောင်ကြီး ညောင်ရွှေဘက်ရောက် တုန်းကတော့ ဝက်သချဉ်အထုပ်လိုက် ပေါင်းထားတာကို ဂျူးမြစ်၊ ငရုတ်သီးဆီကြော်တို့နဲ့ တွဲစားခဲ့ရပါတယ်။

 

ဝက်သချဉ်ကြော်မယ်ဆိုရင် ငရုတ်၊ ကြက်သွန်ဖြူ/နီထောင်းပြီးသားအရောကို ဆီမွှေးသတ်၊ မထူမပါးလှီးထားတဲ့ ဝက်သချဉ် တုံးတွေထည့် ကျက်လောက်တဲ့အခါ ငရုတ်သီးစိမ်းတောင့်နဲ့ ရှမ်းနံနံအုပ်ပြီး ကြော်ရတာပါ။ အဆီကြောင့် အီတတ်တဲ့ဝက်သားအရသာကို အချဉ်၊ အစပ်နဲ့ အအီဖြေပေးထားတာကြောင့် ဝက်သားကြိုက်သူများအဖို့ ဝက်သချဉ်ကြော်ဆို အသံကြားရုံနဲ့တင် ခေါင်းထောင်ထ လာတတ်တဲ့ ဟင်းအမည်တစ်မျိုး ဖြစ်ကြောင်းပါဗျာ။

 

စံလွင် (ငါးဦးစီး)