မလေးရှား၊ ကမ္ဘောဒီးယား၊ စင်္ကာပူ နှင့် အမေရိကန်နိုင်ငံသားများ ပါဝင်သည့် အဖွဲ့ မြန်မာနိုင်ငံအတွင်း လည်ပတ်ရန် မြဝတီ-မဲဆောက် ဝင်ထွက်ဂိတ်မှ ဝင်ရောက်

မြဝတီ  ၁၅  ဇန်နဝါရီ   


မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ချုပ်ဆိုထားသော နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ ဖွင့်လှစ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင် နိုင်ငံခြားသား လူဝင်/လူထွက်နှင့်ပတ်သက်ပြီး လုပ်ငန်းတိုးမြှင့် ဆောင်ရွက်သည့်အနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိသည့် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ဝင်ရောက်လည်ပတ်ခွင့်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ခွင့်ပြုပေးခဲ့ ခြင်းဖြစ်သည်။

 

mdn

 

ထိုသို့ ဝင်ရောက်လည်ပတ်ခွင့်ပြုခဲ့ရာ Kaung Hein Shwe International Co.,Ltd ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံသား ဧည့်သည် Mr.Hanafi Bin ABD Manap အပါအဝင် မလေးရှားနိုင်ငံသားအဖွဲ့ဝင် ၁၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦး၊ စင်ကာပူနိုင်ငံသား ခြောက်ဦး၊ အမေရိကန်နိုင်ငံသား တစ်ဦး၊ စုစုပေါင်း ၁၉ ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင် မော်တော်ဆိုင်ကယ် ၁၇ စီး တို့ဖြင့် မြန်မာနိုင်ငံအတွင်း လည်ပတ်ရန် မြဝတီ-မဲဆောက် ဝင်ထွက်ဂိတ်မှ  ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၁ နာရီ က ထိုင်းနိုင်ငံမှ မြဝတီသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

 

mdn

 

အဆိုပါ အဖွဲ့သည် မြဝတီ၊ ကျိုက်ထီးရိုး၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ နန့်စန်း၊ ကျိုင်းတုံ၊ တာချီလိတ် မြို့များသို့ သွားရောက်လည်ပတ်ပြီး တာချီလိတ်နယ်စပ်ဂိတ်မှ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။ ယင်းအဖွဲ့နှင့်အတူ မြဝတီခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကာ ကုမ္မဏီ မှ ဧည့်လမ်းညွှန် ဦးကျော်မင်းထွန်းတို့ လိုက်ပါကာ မြန်မာနိုင်ငံအတွင်း ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ လည်ပတ်သွားမည် ဖြစ်ကြောင်းသိရသည်။    

                                                                       
ထိန်လင်းအောင်(ပြန်/ဆက်)